နေပြည်တော် အောက်တိုဘာ ၁၆
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဧရာဝတီ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ ကုသရေးဦးစီးဌာနနှင့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်း က မြောင်းမြမြို့ သူနာပြု သင်တန်းကျောင်း၌ တာဝန်ရှိသူများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က ဝန်ကြီးဌာနအနေဖြင့် သူနာပြုများအတွက် ဝတ်စုံစရိတ်၊ စားစရိတ်၊ အုပ်ချုပ်မှုစရိတ်များကို ထောက်ပံ့ပေးထားပြီးဖြစ်ကြောင်း၊ ပညာရပ် ပိုင်းဆိုင်ရာ တိုးတက်မှုအတွက် အမြဲကြိုးစားရမည်ဖြစ်ကြောင်း၊ သင်တန်းသား/ သင်တန်းသူ များအနေဖြင့် သူနာပြုကျင့်ဝတ်များနှင့်အညီ သူနာပြုကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တစ်တပ်တစ်အား ပါဝင်ကူညီဆောင်ရွက်ကြစေလိုကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့် သင်တန်းကာလအတွင်း ပြည်သူ့ဆေးရုံကြီးများ၌ တာဝန် ထမ်းဆောင်ချိန်တွင် သူနာပြုကျင့်ဝတ်များနှင့်အညီ ကြိုးစားသင်ယူကြစေလိုကြောင်း မှာကြားသည်။
ထို့နောက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်း က အမှာစကား ပြောကြားသည်။
ယင်းနောက် မြောင်းမြသူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ကြီးက လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး သင်တန်းကျောင်းအတွင်းရှိ စာကြည့်တိုက်နှင့် သင်ထောက်ကူ ပစ္စည်းများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြည်သူ့ဆေးရုံကြီး-မြောင်းမြသို့ ရောက်ရှိပြီး ပြည်သူလူထုက အားကိုးအားထားရသည့် ဆေးရုံကြီးဖြစ်အောင် ကြိုးစားရမည်ဖြစ်ကြောင်း၊ ကျွမ်းကျင်ဝန်ထမ်းများအတွက် risk allowance ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆေးပညာကျင့်ဝတ်ကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံအောင် စောင့်ထိန်းရမည်ဖြစ်ပြီး အတ္တဟိတ၊ ပရဟိတမျှတစွာဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက အမှာစကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံကြီးအတွင်းရှိ ဓာတ်မှန်ဌာန၊ ကွန်ပြူတာ ဓာတ်မှန်ဌာန၊ သွားနှင့်ခံတွင်း ကုသရေးဌာန၊ ဓာတ်ခွဲဌာန၊ ကျောက်ကပ် သွေးသန့်စင်ဌာနများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝါးခယ်မမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဆေးကုသမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ လူနာများဆေးကုသမှု ကုန်ကျစရိတ်အတွက် စိုက်ထုတ်သုံးစွဲမှု မရှိစေရေးနှင့် ဝန်ကြီးဌာနမှ ထောက်ပံ့ထားသည့်ဆေးနှင့် ဆေးပစ္စည်းများကို အလေအလွင့်မရှိ အသုံးပြုနိုင်ရေး မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင်ကျွန်းပြည်သူ့ဆေးရုံနှင့် ဘိုကလေးမြို့ ပြည်သူ့ဆေးရုံများသို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဆေးကုသရေး အထောက်အကူပြု လုပ်ငန်းများဖြစ်သည့် ဓါတ်ခွဲ/ ဓာတ်မှန်လုပ်ငန်းများ အပြည့်အဝ လည်ပတ်ဆောင်ရွက်နိုင်ရေးနှင့် လူနာများ ဓါတ်ခွဲစမ်းသပ်စစ်ဆေးမှုအတွက် ငွေကြေးကုန်ကျစရိတ် မရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဖျာပုံမြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး ဆေးရုံကြီးအတွင်းရှိ ဓါတ်ခွဲခန်း၊ ဓာတ်မှန်ဌာန၊ အထူးကြပ်မတ် ကုသဆောင်နှင့် လူနာဆောင်များကို ကြည့်ရှုစစ်ဆေးကာ မွေးဖွားပြီး မိခင်များအား အာဟာရ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်