နေပြည်တော် အောက်တိုဘာ ၁၆
နိုင်ငံတော်၏ Generation Mix အတွင်း ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများသည် Reliable Backbone ဖြစ်နေသဖြင့် စက်ရုံရေရှည်တည်တံ့ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လာမည့်နွေရာသီကာလ ဓာတ်အား လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရန် ရေလှောင်တမံအတွင်း ရေကြိုတင်စုဆောင်းရမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ က ပြောကြားသည်။
ယမန်နေ့ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်အတွင်းရှိ အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ကြည့်ရှုစစ်ဆေးစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ရေပိုလွှဲမှ ရေလျှံကျရုံမျှ အနေအထားအတိုင်း ဓာတ်အားပေးစက်များကို ထိန်းညှိမောင်းနှင်ရမည်ဖြစ်ကြောင်း၊ တာဘိုင်၊ ဂျင်နရေတာများ၊ Transformer နှင့် Switchgear များ၏ အခြေအနေကို အမြဲမပြတ် စောင့်ကြည့်ပြုပြင် ထိန်းသိမ်းသွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စက်ရုံမှူးက နိုင်ငံတော် ဓာတ်အား ကွန်ရက်စနစ်နှင့် ချိတ်ဆက်မှု၊ အမှတ် (၂) စက်၏ ၂၃၀/၃၃/၁၁ ကေဗွီ၊ ၃၀ အမ်ဗွီအေ Transformer အစားထိုး လဲလှယ်ခဲ့ရမှုနှင့် အမှတ် (၁) စက်၏ Rotor Copper Lead Bar နှင့် Excitation System ပြုပြင်ခဲ့ရမှု၊ ပုံမှန်ထိန်းသိမ်းပြုပြင်ခြင်း ဆောင်ရွက်နေမှုများ၊ ရေဝင်ရောက်မှုနှင့် ရေသိုလှောင်ထားမှု၊ ရေပိုလွှဲမှ ရေလျှံကျမှုများကို ရှင်းလင်းတင်ပြပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမြင့်က ဖြည့်စွက်ရှင်းလင်းသည်။

ယင်းနောက် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ထိန်းသိမ်းရေး ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးတင်အောင်ခိုင်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်မင်း တို့က တမံနှင့် ဓာတ်အားပေးစက်ရုံအကြောင်း ဖြည့်စွက်ရှင်းလင်းသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး က ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ပပညာရှင်များ၏ အကူအညီဖြင့် ဆောင်ရွက်ရပါက နောင်တွင် ကိုယ်တိုင်ဆောင်ရွက်နိုင်အောင် လေ့လာဆည်းပူး ထားရမည်ဖြစ်ကြောင်း၊ သိုလှောင်ရေ ပမာဏကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် ကောင်းမွန်သော စီမံခန့်ခွဲမှု ရှိရမည်ဖြစ်ကြောင်း၊ တမံထိန်းသိမ်းရေး လုပ်ငန်းများကို အမြဲမပြတ် စောင့်ကြည့်ထိန်းသိမ်းသွားရန် လုံခြုံရေးအသိ၊ သတိရှိရမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဓာတ်အားပေးစက်ရုံနှင့် ဓာတ်အားပေးစက်များ ထိန်းချုပ်မောင်းနှင်နေမှု၊ ရေလှောင်တမံနှင့် ရေပိုလွှဲမှ ရေလျှံကျနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ အထက်ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ပျဉ်းမနားမြို့၏ အရှေ့ဘက် (၂၆) မိုင်ခန့်အကွာ ပေါင်းလောင်းမြစ်ပေါ်တွင် တည်ဆောက်ထားပြီး ရေလှောင်တမံမှာ ကွန်ကရစ်တမံ (RCC Dam) အမျိုးအစားဖြစ်၍ ကန်ရေပြည့် ရေသိုလှောင် ပမာဏမှာ ၁၃၆၀၈၀၀ ဧကပေ သိုလှောင်နိုင်ကာ နှစ်စဉ်စီးဝင်ရေ ၂၁၀၆၅၀၀ ဧကပေ စီးဝင်ပြီး ပေါင်းလောင်း ရေလှောင်တမံမှတဆင့် စိုက်ပျိုးရေပေးဝေသော စိုက်ဧက ၂၁၁၂၁ ဧကသို့ ရေပေးဝေလျက် တပ်ဆင်အင်အားအနေဖြင့် (၇၀) မဂ္ဂါဝပ်၊ ဓာတ်အားပေးစက် (၂) လုံး၊ (၁၄၀) မဂ္ဂါဝပ်မှ (၁၆) မိုင်ရှိသည့် ၂၃၀ ကေဗွီ အထက်ပေါင်းလောင်း - နန်ချို ဓာတ်အားလိုင်းဖြင့် နိုင်ငံတော် ဓာတ်အားကွန်ရက်စနစ်အတွင်းသို့ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ၄၅၄ ကီလိုဝပ်နာရီသန်းခန့် ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်