နေပြည်တော် အောက်တိုဘာ ၁၇

 

NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ပြည်သူ လူထုများနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်နေသည့် အုပ်ချုပ်ရေးတာဝန်ရှိသူများ ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် လမ်းပန်းဆက်သွယ်မှုများ လုံခြုံချောမွေ့မှုမရှိစေရေး ရည်ရွယ်ချက်များဖြင့် အများပြည်သူ အသုံးပြုသည့် လမ်းကြောင်းများတွင် မိုင်းထောင်ခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းများ အကြမ်းဖက် ဖောက်ခွဲရေးလုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည်။

 

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ကရင်ပြည်နယ် ဖာပွန်မြို့နှင့် ကမမောင်းမြို့သွား ကားလမ်းတစ် တစ်လျှောက်၌လည်း အကြမ်းဖက်သမားများက လက်လုပ်မိုင်းများ ထောင်ထားကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၃၀ ရက် နံနက် ၈ နာရီခွဲမှ မွန်းလွဲ ၁ နာရီခွဲအထိ မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါ ကားလမ်း ဝဲ/ယာ တစ်လျှောက်မှ ၅ ဂါလန် ပုံးဖြင့် ပြုလုပ်ထားသည့် ဒေသန္တရလက်လုပ်ဆွဲမိုင်း ၂၃ လုံး၊ ပလတ်စတစ်ထမင်းဘူးဖြင့် ပြုလုပ်ထားသည့် ဒေသန္တရဆွဲမိုင်းနှစ်လုံး၊ စနက်တံ ၁၇ ခုနှင့် ဆက်စပ်ပစ္စည်းများကို ထပ်မံရှာဖွေဖော်ထုတ် နိုင်ခဲ့ပြီး အများပြည်သူအန္တရာယ်မဖြစ်ရေး သက်မဲ့ပြုလုပ်သိမ်း ဆည်းခဲ့သည်။

 

ယခုကဲ့သို့ အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် လမ်းမကြီးများပေါ်၌ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်မှုလုပ်ရပ် ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက် ရှိကြောင်းနှင့် အဆိုပါ ဖာပွန် - ကမမောင်းသွား ကားလမ်းတစ်လျှောက် ခရီးသွား ပြည်သူများ အန္တရာယ်မဖြစ်စေရေးအတွက် မိုင်းရှင်းလင်းရေး လုပ်ငန်းများနှင့် နယ်မြေလုံခြုံ အေးချမ်းတည်ငြိမ်ရေး စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်