နေပြည်တော် အောက်တိုဘာ ၁၇

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးဝင်းဖေသည် အောက်တိုဘာ (၁၆) ရက်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၌ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်တင်ကိုကို၊ လမ်းဦးစီးဌာန၊ အဆောက်အဦ ဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ဦးစီးဌာနအလိုက် အရာထမ်း၊ အမှုထမ်းများနှင့်အတူ မိတ်ဆုံစားပွဲပြုလုပ်ပြီး နေ့လယ်စာအတူစားသုံးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရွှေညောင် - ညောင်ရွှေ - မိုင်းသောက် - နန့်ပန် - တုံဟုန်း - ပင်လောင်းလမ်းပေါ်ရှိ အေးသာယာမြို့တွင်း (AC) ကတ္တရာကွန်ကရစ်လမ်းခင်း နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။  

ယင်းနောက်  ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မိတ္ထီလာ - တောင်ကြီးလမ်း (ဟဲဟိုး  - တောင်ကြီးအပိုင်း)   မိုင်တိုင် ၁၀၁ / ၃ နှင့် ၁၀၁ / ၆ အကြား အောင်သပြေတိုးလ်ဂိတ် ပြောင်းရွေ့တည်ဆောက်မည့် နေရာကိုလည်းကောင်း၊ မိုင်တိုင် (၆၃/၂) တွင် မြေထိန်းနံရံ တည်ဆောက်နေမှုကိုလည်းကောင်း၊ တံတားဦးစီးဌာန တံတားအထူးအဖွဲ့ (၄) မှ ဆောင်ရွက် နေသည့် ပြည်ညောင်တံတား (၆၀ ဒသမ ၉၆ မီတာ) ပေ (၂၀၀) စီမံကိန်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဘုရားငါးဆူ - ပျော်ဘွယ်လမ်းမှတဆင့် ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီးအတိုင်း လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်