ထားဝယ် အောက်တိုဘာ ၁၇
တိုင်းဒေသကြီးအတွင်း အသေးစား အလတ်စား စက်မှုလက်မှုလုပ်ငန်းများ အားနည်းလျက် ရှိသည်ကို တွေ့ရကြောင်း၊ တိုင်းဒေသကြီးအတွက် ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းလုပ်ငန်း အောင်မြင်ဖြစ်ထွန်းအောင် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လုပ်ကိုင်ကြိုးစား ဆောင်ရွက်လျက်ရှိရာ မကြာမီကာလအတွင်း ပြန်လည်လုပ်ကိုင်လာမည်ဟု ယုံကြည်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို က ပြောကြား သည်။
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး MSMEs လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ယင်းသို့ ပြောကြား ခြင်းဖြစ်သည်။
ထို့ပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း MSMEs များစွာရှိပါက အလုပ်အကိုင် အခွင့်အလမ်းများ၊ စားဝတ်နေရေးများ အဆင်ပြေလာမည်ဖြစ်ကြောင်း၊ ထားဝယ်ဒေသအနေဖြင့် စက်မှုလက်မှုလုပ်ငန်းနှင့် ပတ်သက်ပြီး အားနည်းလျက်ရှိသည်ကို တွေ့ရပြီး အားနည်းချက်များတွင် လျှပ်စစ်ဓာတ်အားခ စျေးနှုန်းကြီးမြင့်မှုမှာ အဓိကဖြစ်သည်ကို တွေ့ရှိရကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ထားဝယ်ဒေသအတွက် ဖောင်းတောရေအားလျှပ်စစ်အား ဆောင်ရွက်လျက်ရှိပြီး ရေအားလျှပ်စစ်မှ ဓာတ်အား အနည်းဆုံး ၂၅ မဂ္ဂါဝပ် ထွက်ရှိအောင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ဒေသအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာ သုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးတွင် ခရီးသွားလုပ်ငန်းများ အောင်မြင်အောင် တက်ရောက်လာသူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း လုပ်ကိုင်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက ဖြည့်စွက်ဆွေးနွေး တင်ပြပြီး တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးမှူး ဦးညွန့်နွယ်က တိုင်းဒေသကြီးစက်မှုဇုန်များ ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ ဖွဲ့စည်းထားမှု အခြေအနေ၊ MSMEs များဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခဲ့မှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာသော MSMEs လုပ်ငန်းရှင်များ၊ စီးပွားရေးအသင်း အဖွဲ့များမှ လုပ်ငန်းရှင်များက ဆောင်ရွက်နေမှုနှင့် တွေ့ကြုံနေရသော အခက်အခဲများအား ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ်တွင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်