နေပြည်တော် အောက်တိုဘာ ၁၈

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၆ ရက်တွင် ကချင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တပ်မတော်ဦး‌ဆောင်သောပူးပေါင်းအဖွဲ့က ကာမိုင်း-နန့်ယား-ဖားကန့်သွား လမ်းမပေါ်တွင် ယာဉ်စစ်‌ဆေးရေးဆောင်ရွက်နေစဉ် မော်တော်ယာဉ်(၁)စီးပေါ်၌ ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သည့် အမိုနီယမ်နိုက်ထရိတ်ဟု ယူဆရသော အဖြူရောင်အစေ့ငယ်အိတ်များ (၂၄၈၀၀) ကီလိုဂရမ် ခန့်မှန်း တန်ဖိုးငွေကျပ် ၂၄,၈၀၀,၀၀၀ နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် မော်‌တော်ယာဉ်(၁)စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၀၀၀,၀၀၀ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆,၈၀၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ အောက်တိုဘာ ၁၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်တိုင်း ဒေသကြီးရှိ ကုန်သေတ္တာစစ်ဆေးရေးစခန်းများတွင် တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ Wilmar ဆိပ်ကမ်း၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်ထက် ပိုမိုပါရှိ လာသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၀,၅၄၂,၉၅၈ ကို လည်းကောင်း၊ မြန်မာစက်မှု ဆိပ်ကမ်းကုန်သေတ္တာစစ်ဆေးရေးစခန်း၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော Clear Float Glass များ ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၆၅၂,၉၂၄ ကို လည်းကောင်း ၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၇,၁၉၅,၈၈၂ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ‌ဆောင်ရွက်လျက်ရှိသည်။

အလားတူ အောက်တိုဘာ ၁၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးမြို့နယ်၊ အကောက်ခွန် ဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မြဝတီမြို့မှရန်ကုန်မြို့သို့  သွားရောက်မည့် မော်တော်ယာဉ်(၁)စီးပေါ်၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသည့် စားသောက် ကုန်ပစ္စည်းများ၊ ပြန်လည်ပြုပြင်ထားသည့် မော်တော်ယာဉ်နှင့်ယန္တရားအပိုပစ္စည်းများ၊ မော်တော်ယာဉ် ဆက်စပ်ပစ္စည်းများ ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂,၁၃၅,၀၀၀ နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် နောက်တွဲယာဉ် (၁) တွဲနှင့် Nissan Diesel Tractor Head (၁)စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀,၀၀၀,၀၀၀ ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းအရ လည်းကောင်း၊ အောက်တိုဘာ ၁၈ ရက်တွင် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင် သစ်မျိုးစုံ(၁၆.၀၀၀၆)တန် ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၅၃၂,၄၃၂ ကို သစ်တောဥပဒေအရ လည်းကောင်း၊  စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၈,၆၆၇,၄၃၂ ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် အောက်တိုဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ကရင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်(၂)စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ကြမ်းခင်းဖယောင်းပုဆိုး (၄၀)လိပ် ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၀၀,၀၀၀ နှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၃၈၀,၀၀၀ စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၂,၅၈၀,၀၀၀ ကို  ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍  အောက်တိုဘာ  ၁၆ ရက်၊ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၇)မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၅,၂၄၃,၃၁၄ ဖြစ်ကြောင်း  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်