မော်စကို အောက်တိုဘာ ၁၉

 

ရုရှားနိုင်ငံတောင်ပိုင်း၌  အောက်တိုဘာ ၁၇ ရက် ညနေပိုင်းက Su-34 တိုက်ခိုက်ရေးဂျက်လေယာဉ်  ပျက်ကျမှုကြောင့် သေဆုံးသူ ၁၃ ဦး ရှိလာကြောင်း တီအေအက်စ်အက်စ် သတင်းအေဂျင်စီက ယနေ့တွင်  သတင်းထုတ်ပြန်ခဲ့သည်။

 

အဆိုပါ တိုက်လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့သည့် ၁၃ ဦးထဲတွင်  ကလေးငယ်သုံးဦးပါဝင်ကြောင်း အရေးပေါ်အခြေအနေဆိုင်ရာ ဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကား၍ တီအေအက်စ်အက်စ် သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။

 

ထို့ပြင် တိုက်လေယာဉ်ပျက်ကျမှု ဖြစ်ပွားပြီးနောက် ဒဏ်ရာရရှိခဲ့သူ ၁၉ ဦးကိုလည်း ဆေးဝါးကုသမှုခံယူရန် ဆေးရုံများသို့ ပို့ဆောင်ထားကြောင်းနှင့် တိုက်လေယာဉ်ပျက်ကျမှုဖြစ်ပွားရာ  နေရာဖြစ်သည့် ရေးစ်မြို့မှ လူပေါင်း ၃၆၀ ကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားကြောင်း ရုရှား မီဒီယာများက သတင်းဖော်ပြထားသည်။

 

အဆိုပါ Su-34 တိုက်ခိုက်ရေးဂျက်လေယာဉ်သည် ပျံတက်စဉ်အတွင်း အင်ဂျင်မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လေယာဉ်အမှုထမ်းများက သတင်းပေးပို့ခဲ့ပြီး  လေယာဉ်မီးလောင်ပေါက်ကွဲပြီးနောက် အနီးအနားရှိ  ကိုးထပ်အဆောက်အအုံပေါ်သို့ ကူးစက်လောင်ကျွမ်းခဲ့ကြောင်းနှင့် လေယာဉ်ပျက်ကျရသည့် အကြောင်းအရင်းနှင့် စပ်လျဉ်း၍ ရုရှားအာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အလင်းသစ်