ဝယ်လင်တန် အောက်တိုဘာ ၁၉
လက်ရှိအချိန်တွင် ကမ္ဘာပေါ်တွင်ဖြစ်ပွား နေသည့်ရာသီဥတုပြောင်းလဲမှုများကို ကောင်းစွာမထိန်းသိမ်းနိုင်ပါက ၂၀၉၀ ပြည့်နှစ်တွင် ကမ္ဘာပေါ်ရှိ သမုဒ္ဒရာများ၏အပူချိန် လေးဆခန့်မြင့်တက်လာနိုင်ကြောင်း ဩစတြေးလျနိုင်ငံမှ သုတေသီများက ပြောကြားသည်။
ထိုကဲ့သို့ဖြစ်လာပါက ကမ္ဘာပေါ်ရှိသက်ရှိများအတွက် ဆိုးရွားသည့်အကျိုးဆက်များ ဖြစ်လာနိုင်သဖြင့် သမုဒ္ဒရာများ၏ အပူချိန်လျှော့ချရေးအတွက် စနစ်တကျ စီမံဆောင်ရွက်သွားရမည်ဟု Nature Reviews ဂျာနယ်က ပြောကြားသည်။ လက်ရှိအချိန်တွင် ပါရီရာသီဥတုဆိုင်ရာ သဘောတူညီချက်အတိုင်း ကမ္ဘာ၏အပူချိန်ကို ၂ ဒီဂရီဆဲလ်ဆီရပ်အထိ လျှော့ချ သွားနိုင်မည်ဆိုပါက ၂၀၃၀ ပြည့်နှစ်အရောက်တွင် ကမ္ဘာပေါ်ရှိ သမုဒ္ဒရာများ၏အပူချိန်ကို လျှော့ချသွားနိုင်မည်ဟု အောက်ကလန်တက္ကသိုလ်မှ သုတေသီများနှင့် ပြင်သစ်၊ တရုတ်၊ ဗြိတိန်နိုင်ငံများမှ သုတေသန အင်စတီကျုများက ပြောကြားသည်။ လူသားများသည် လေထုထဲသို့ ဖန်လုံအိမ်ဓာတ်ငွေ့များကို စွန့်ထုတ်ရာမှ ကမ္ဘာမြေကြီး ပူနွေးမှုဖြစ်လာပြီး ၎င်းအပူများသည် သမုဒ္ဒရာများထဲတွင် အဆုံးသတ်ကြကြောင်း သိရသည်။
ထို့ပြင် သမုဒ္ဒရာများ ပူနွေးလာခြင်းကြောင့် ကမ္ဘာပေါ်ရှိ ရာသီဥတုအခြေအနေများနှင့် စားနပ်ရိက္ခာ ထုတ်လုပ်မှုဖြစ်စဉ်များတွင် အကျိုးသက်ရောက်မှုများရှိကြောင်း သိရသည်။ သမုဒ္ဒရာများ ပူနွေးလာမှုကြောင့် ကမ္ဘာ၏တစ်ဖက်ခြမ်းတွင် ရေကြီးခြင်း၊ မိုးခေါင်ရေရှားခြင်းနှင့် ခြောက်သွေ့ခြင်းများ ဖြစ်လာချိန်တွင် အခြားတစ်ဖက်တွင် မိုးရွာသွန်းမှုများပြားခြင်းနှင့် စိုစွတ်ခြင်းတို့ဖြစ်လာကြောင်း သိရသည်။
သမုဒ္ဒရာများ ပူနွေးလာမှုကြောင့် ကမ္ဘာပေါ်ရှိ ဂေဟစနစ်ကိုလည်း အကျိုးသက်ရောက်ခြင်းများ ရှိကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- စိုးသူရ