မိုးညှင်း အောက်တိုဘာ ၁၉

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ရာသီမရွေး ကျေးလက်ထုတ်ကုန်များ ကုန်စည်စီးဆင်းနိုင်ရန်အတွက် ကျေးလက်ကုန်ထုတ်လမ်း၊ တံတားတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ  ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ချောင်းဝကျေးရွာတွင် လယ်မြေဧက ၆၀၀၀ ကျော် အကျိုးပြုမည့် ကုန်ထုတ်လမ်း ဖောက်လုပ်လျက်ရှိကြောင်း သိရသည်။

 

မိုးညှင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းသည် တာဝန်ခံအင်ဂျင်နီယာတို့နှင့်အတူ ချောင်းဝကျေးရွာတွင် ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ကုမ္ပဏီတာဝန်ခံ၊ ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံကာ သတ်မှတ်စံချိန်စံညွှန်းအတိုင်း အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရန်နှင့်  လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး အလေးထားဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

 

ချောင်းဝကျေးရွာတွင် လယ်ယာကုန်ထုတ်လမ်း အရှည် တစ်မိုင် ခုနစ်ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု မြေသားနှစ်ပေနှင့် ဂျင်းမြေကိုးလက်မ ခင်းခြင်းလုပ်ငန်းနှင့် အုတ်ခုံခံကွန်ကရစ် တံတားတစ်စင်း၊ Box Culvert တစ်စင်းနှင့် ရေပြွန်သုံးစင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ခု ပြည်နယ်ဘဏ္ဍာရန်ပုံငွေ ကျပ် ၁၇၅ ဒသမ ၅၀၅ သန်းဖြင့် တင်ဒါအောင်မြင်သည့် Northern Jade Land ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး အဆိုပါလမ်းဆောင်ရွက်ပြီးစီးပါက လယ်ဧက ၆၀၀၉ ဧကနှင့် လူဦးရေ ၁၆၃၁ ဦးတို့အား အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ချစ်ဦးကို