မြစ်ကြီးနား အောက်တိုဘာ ၁၉

 

ကချင်ပြည်နယ်ရှိ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စုရှိ ရွှေမိုးတောင် ဆုတောင်းပြည့်စေတီတော်မြတ်ကြီးသို့ ရောက်ရှိပြီး စေတီတော် ဂေါပကအဖွဲ့ဝင်များနှင့်အတူ စေတီတော်ပရိဝုဏ်နှင့် ရင်ပြင်တော်ပတ်လည်အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဘုရားဖူးလာ ဧည့်သည်များ စိတ်အေးချမ်းစွာ ဖူး‌မြော်နိုင်ရေးအတွက် တာဝန်ရှိသူများအား မှာကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ဗလမင်းထင်တံတား အမှတ်(၂) တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိပြီး တံတားဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ တံတားကြမ်းခင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားတက္ကသိုလ်သို့ ရောက်ရှိပြီး  ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများနှင့်အတူ တက္ကသိုလ်မိန်းဆောင်ရှေ့တွင် စိုက်ထူထားသည့် ရွှေရတုအထိမ်းအမှတ် ကျောက်တိုင် ပြင်ဆင်မွမ်းမံနိုင်ရေး၊ ဘွဲ့နှင်းသဘင်ခန်းမဆောင်နှင့် သုတေသနအ‌ဆောင်များအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တက္ကသိုလ် ပတ်ဝန်းကျင် စိန်းလန်းစိုပြည် သန့်ရှင်းသာယာ လှပရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသည်။  

 

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်ရှိ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တည်‌ဆောက်ပြီးစီးသည့် ရေကူးပြေးလမ်း ၁၀ လမ်း ပါ (အလျား ၅၀ မီတာ၊ အနံ ၂၅ မီတာ) ရှိ ရေကူးကန်တည်ဆောက်မှုလုပ်ငန်းခွင်အတွင်း ပွဲကြည့်စင်၊ အမိုးဒိုင်းများ တည်ဆောက်ထားရှိမှု၊ ရေကူးကန်အတွင်း ခေတ်မီစက်ကိရိယာများဖြင့် သန့်ရှင်း‌ရေး လုပ်ငန်းဆောင်ရွက်ခြင်း၊ ရေသန့်စင်ခြင်း စက်ကိရိယာများ တပ်ဆင်ထားရှိမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)