တီဟီရန် အောက်တိုဘာ ၂၀
အီရန်နိုင်ငံသည် မိမိနိုင်ငံ၏ အကျိုးစီးပွားအတွက် ကျိုးကြောင်းဆီလျော် မျှတသည့်နျူကလီးယား သဘောတူညီချက်ကို အကောင်အထည် ဖော်ဆောင်သွားရန် ဆန္နရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ဟူစိန်အမ်မာအဒိုလာဟိန်က ပြောကြားသည်။
ယခု ပြောကြားချက်အရ ၂၀၁၅ ခုနှစ် တွင် အီရန်နှင့် အနောက်နိုင်ငံများအကြား ရရှိခဲ့သည့် နျူကလီးယား သဘောတူညီချက်ကို ပြန်လည်အသက်သွင်းရေး ဆောင်ရွက်ရာတွင် အီရန်နိုင်ငံသည် အထက်ပါနည်းလမ်းအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ရည်ညွှန်း ပြောကြားလိုက်ခြင်းပင်ဖြစ်ကြောင်း သိရသည်။
မိမိတို့အနေဖြင့် တည်ငြိမ်၍ သင့်တော် သည့် နျူကလီးယားဆိုင်ရာ သဘောတူညီချက်ရရှိရေးအတွက် အနောက်နိုင်ငံများ နှင့် အီရန်အကြား ယုံကြည်စိတ်ချနိုင်လောက်သည့် ကတိကဝတ်ပြုမှုများ လိုအပ်သည်ဟု ၎င်းက ပြောကြားသည်။
ထို့ပြင် အနောက်နိုင်ငံများနှင့် အီရန်နိုင်ငံအကြား နျူကလီးယားဆိုင်ရာ သဘောတူညီချက် ပြန်လည်ရရှိရေးအတွက် အီရန်အပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ရှင်းလင်းပြတ်သားစွာ ရုပ်သိမ်းရန်လိုအပ်သည်ဟု ၎င်းက ပြောကြားသည်။ အီရန်နိုင်ငံသည် ၂၀၁၅ ခုနှစ် ဇူလိုင်တွင် အနောက်နိုင်ငံများနှင့် နျူကလီးယားဆိုင်ရာ သဘောတူညီချက် ရရှိခဲ့သော်လည်း ၂၀၁၈ ခုနှစ်တွင် အမေရိကန်နိုင်ငံက အထက်ပါ သဘောတူညီချက်မှ တစ်ဖက်သတ် နုတ်ထွက်ခဲ့ပြီး အီရန်အပေါ် အရေးယူ ပိတ်ဆို့မှုများချမှတ်ခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ