ဗျူနိုအေးရိစ် အောက်တိုဘာ ၂၀

 

အာဂျင်တီးနားနိုင်ငံ ကျေးလက်ဒေသရှိ  ခရိုင် ၁၉ ခုတွင် ဆိုလာစွမ်းအင်ဖြင့် လျှပ်စစ်မီးထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၇ သန်းကို အာဂျင်တီးနား နိုင်ငံ စွမ်းအင်ဝန်ကြီးဌာနက ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

 

ယခုခွင့်ပြုခဲ့သည့် ရန်ပုံငွေအား ကမ္ဘာ့ဘဏ်၏ လုပ်ငန်းခွဲဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးဘဏ်၏ ထောက်ပံ့မှုဖြင့် ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ  ဆိုလာစွမ်းအင်သုံး လျှပ်စစ်မီးလင်းရေး စီမံချက်အရ နိုင်ငံအတွင်း ခရိုင် ၁၉ ခုရှိ ကျောင်းများ၊ နေအိမ်များနှင့် အခြားလျှပ်စစ်မီးလိုအပ်သည့် အဆောက်အအုံများအတွက် ဆိုလာစွမ်းအင်ဖြင့် လျှပ်စစ်ထုတ်လုပ်ရာတွင် လိုအပ်သည့် ပစ္စည်းကိရိယာများ ဝယ်ယူရန်အတွက် အထက်ပါ ရန်ပုံငွေကို ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

 

ခုရန်ပုံငွေသည် အာဂျင်တီးနားကျေးလက်ဒေသ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ စီမံချက်အတွက် အဆိုပါဘဏ်၏ ထောက်ပံ့ငွေအမေရိကန်ဒေါ်လာ သန်း ၂၀၀ အနက်မှ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ တီးလမ်၏ ပြောကြားချက်အရ သိရသည်။ ယခုဆောင်ရွက်မည့် ကျေးလက်ဒေသများ လျှပ်စစ်မီး ရရှိရေးစီမံချက်အား ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ကို အသုံးချ၍ အောင်မြင်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်း အေဂျင်စီ တီးလမ်က ပြောကြား သည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ