နောင်ချို အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)မျိုးကွဲသစ်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ပူးပေါင်းပါဝင်နိုင်ရန် အသိပညာပေး နှိုးဆော်ခြင်းနှင့် ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် နောင်ချိုမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လက်ရှိ ဖြစ်ပေါ် နေသော ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်နိုင်ရန် မိမိတို့၏နေအိမ်တွင်သာ နေထိုင်ကြရန် အရေးကြီးကိစ္စကြောင့် နေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်း(Mask)ကို စနစ်တကျ တက်ဆင်ကြရန်၊ ပြင်ပဧည့်သည်များအား လက်မခံကြရန်၊ နှာခေါင်းစည်း(Mask) တပ်ဆင်ထားခြင်း မရှိသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ကြရန်၊ လူစူလူဝေး ပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ကြရန်၊ တစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာ စနစ်တကျဆေးရန် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက်ဆေးကုသမှုခံယူရန်စသည့် အသိပေးချက် များနှင့် ကိုဗစ်-၁၉ ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မဖြစ်မနေ ထိုးနှံကြရန်တို့ကို လိုက်လံနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ထွေးငယ်(နောင်ချို ပြန်/ဆက်)