မိုင်းဖြတ် အောက်တိုဘာ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက နေကြာသီးနှံစိုက်ပျိုးမှုများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၉ ရက်က နေကြာသီးနှံစိုက်ပျိုးခြင်း လက်တွေ့ပြသစိုက်ပျိုးခြင်းနှင့် နေကြာသီးနှံမျိုးစေ့ ထောက်ပံ့ပေးအပ်ခြင်းကို ဟောင်ဟင်ကျေးရွာရှိ ကွင်းအှတ် (၂၆) စိုက်ပျိုးမြေ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးကျော်စွာဝင်း က နေကြာ သီးနှံစိုက်ပျိုးရာတွင် သီးညှပ်၊ သီးထပ်၊ သီးသန့်စိုက်ပျိုးနိုင်ကြောင်း၊ မြို့နယ်အတွင်း စိုက်ပျိုးရာတွင် ရေမြေအနေထားအရ ရေဆင်း-၁နေကြာမျိုးကို စိုက်ပျိုးကြောင်း၊ စိုက်ပျိုးနည်းစနစ်အနေဖြင့် ထယ်ရေး နက်နက်၊ ထွန်ရေးညတ်ညတ် စိုက်ပျိုးရန်လိုအပ်ကြောင်း၊ သီးနှံတစ်ဧကစိုက်ပျိုးမှုအပေါ် ကုန်ကျစရိတ်၊ အထွက်နှုန်းနှင့် ဆီထွက်နှုန်းထားများရရှိခြင်းတို့ကို အသိပညာပေးခဲ့သည်။
ထို့နောက် တောင်သူများက သိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဝန်ထမ်းများက ကွင်းအတွင်း နေကြာသီးနှံစိုက်ပျိုးခြင်းကို လက်တွေ့ပြသခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများက ဝမ်နောင်ကျေးရွာ၊ ဝမ်ပုံကျေးရွာများမှ တောင်သူများအား နေကြားသီးနှံ မျိုးစေ့များကို ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)