အောက်တိုဘာ ၂၀
ဂျပန်နိုင်ငံတွင် နယ်စပ်ဒေသများ ကန့်သတ်ထိန်းချုပ်မှုဖြေလျှော့ပေးမှုကြောင့် နိုင်ငံခြားခရီးသွားလာရောက်လည်ပတ်မှု မြင့်တက်လာသည်ဟု သတင်းထုတ်ပြန်ထားသည်။
ကိုဗစ်ရောဂါကူးစက်မှုများမဖြစ်ပွားမီက ခရီးသွားလာရောက်လည်ပတ်မှုများပြားခဲ့ရာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ယခုနှစ်စက်တင်ဘာလတွင် လာရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသွားဦးရေမှာ ပထမဆုံးအကြိမ်အဖြစ် ၂၀၀၀၀၀ ကျော် ရှိလာကြောင်း သိရသည်။
ဂျပန်နိုင်ငံသို့ လွန်ခဲ့သောလက လာရောက်လည်ပတ်သူဦးရေ ၂၀၆၅၀၀ ရှိကြောင်း အမျိုးသားခရီးသွားအဖွဲ့အစည်းက ခန့်မှန်းတွက်ချက်ထားသည်။ တောင်ကိုရီးယားနိုင်ငံမှ ၃၂၇၀၀၊ ဗီယက်နမ်နိုင်ငံမှ ၃၀၉၀၀နှင့် အမေရိကန်နိုင်ငံမှ ၁၈၀၀၀ တို့ လာရောက်လည်ပတ်ကြသည်ဟု သိရသည်။
ထိုသို့လာရောက်လည်ပတ်သူဦးရေသည် ဩဂုတ်လကထက် ၂၁ ဒသမ ၆ ရာခိုင်နှုန်းပိုမိုခဲ့သည်ဟု သတင်းဖော်ပြထားသည်။
ကိုဗစ်ကာကွယ်ဆေးအနည်းဆုံးသုံးကြိမ်ထိုးနှံပြီးသော ခရီးသွားများအနေဖြင့် စက်တင်ဘာလ ၇ ရက်မှစတင်ကာ ပီစီအာစစ်ဆေးချက်မလိုအပ်တော့ကြောင်းနှင့် ဧည့်လမ်းညွှန်မပါသော်လည်း အုပ်စုလိုက်လည်ပတ်ခွင့်ပြုကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို