၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက် မွန်းလွဲ (၂:၀၀) နာရီ ထုတ်ပြန်ချက်

 

ယနေ့ နံနက် ၉ နာရီအထိ မိုးလေဝသတိုင်းထွာချက် အကျဉ်းချုပ်အနေဖြင့် လွန်ခဲ့သော (၂၄) နာရီအတွင်းက ချင်းပြည်နယ်တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့သည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ကော့သောင်းမြို့တွင် (၁.၇၈) လက်မ၊ ဟားခါးမြို့တွင် (၁.၆၂) လက်မ၊ မြောက်ဦးမြို့တွင် (၀.၇၅) လက်မနှင့် မတူပီမြို့နှင့် တွန်းဇံမြို့တို့တွင် (၀.၁၆)လက်မစီတို့ ဖြစ်ကြသည်။

 

ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀) နာရီ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်း (Low Pressure Area) သည် ဆက်လက်တည်ရှိနေသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် အနောက် - အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ (၂၂.၁၀.၂၀၂၂) ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့၌ မုန်တိုင်းငယ် (Depression) အဖြစ်သို့လည်းကောင်း၊ (၂၃.၁၀.၂၀၂၂) ရက်နေ့တွင် အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ်သို့လည်းကောင်း၊ ထိုမှတစ်ဆင့် မြောက်ဘက်သို့ ပြန်ကွေ့ကာ၊ (၂၄.၁၀.၂၀၂၂) ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့လည်းကောင်း အားကောင်းလာနိုင်သည်။ ထို့နောက် မြောက် − အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ (၂၅.၁၀.၂၀၂၂) ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်− ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေသည်။

 

ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း “နီးစတ်” (Nesat)သည် အပူပိုင်းမုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့ပြီး၊ ဗီယက်နမ်နိုင်ငံ၊ ဒေါင်ဟွိုင်း (Dong Hoi) မြို့၏ အရှေ့-အရှေ့မြောက်ဘက် ရေမိုင် (၈၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ အဆိုပါ အပူပိုင်းမုန်တိုင်းငယ်သည် အနောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ (၂၁.၁၀.၂၀၂၂) ရက်နေ့ နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ အထက်ပိုင်း ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရသည်။

 

မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်အနေဖြင့် ချင်းပြည်နယ်တွင် နေရာစိပ်စိပ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်သည်။

 

မြန်မာ့ပင်လယ်ပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅) မိုင်မှ မိုင် (၄၀) အထိ တိုက်ခတ်နိုင်သည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈) ပေမှ (၁၀) ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅) ပေမှ (၇) ပေခန့် ရှိနိုင်သည်။

 

နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အနေဖြင့် မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် မိုးပိုလာမည်။

 

နေပြည်တော်၊ မန္တလေးမြို့နှင့် ရန်ကုန်မြို့ အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်အနေဖြင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်သည်။

 

Credit> မိုးဇလ