နေပြည်တော် အောက်တိုဘာ ၂၀
(၈၂) ကြိမ် မြောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုကော်မတီ အစည်းအဝေး (The 82nd Meeting of ASEAN Committee on Science, Technology and Innovation-COSTI) နှင့်ဆက်စပ်အစည်းအဝေးများကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ကြီး မှူး၍ ဗီဒီယိုကွန်ဖရင့်ဖြင့် အောက်တိုဘာ ၁၉ ရက်မှ ၂၀ ရက်အထိ ကျင်းပရာ အဆိုပါ ကော်မတီ၏ မြန်မာနိုင်ငံဆိုင်ရာ ဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦး တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် အာဆီယံဆိုင်ရာ အခြားဆက်စပ်အစည်းအဝေးများနှင့် ရလဒ် များအပေါ်သုံးသပ်ဆွေးနွေးခြင်းကို ဦးစွာဆောင်ရွက်ပြီး အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုကော်မတီ၏ ရန်ပုံငွေထားရှိ ခွဲဝေသုံးစွဲမှုအခြေအနေနှင့် မိတ်ဖက် အဖွဲ့အစည်းများမှ ထောက်ပံ့ထားရှိမှု၊ မိတ်ဖက်အဖွဲ့အစည်းများ နှင့်ပူးပေါင်း၍ စီမံကိန်းများ ဆောင်ရွက်ထားရှိမှု၊ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဆပ်ကော်မတီများ၏ ဆောင်ရွက်ထားရှိမှု၊ ၂၀၂၂ ပြည့်နှစ်အတွင်း ကော်မတီအနေဖြင့် ဦးစားပေးဆောင်ရွက်မည့် စီမံကိန်းများ၏ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ၂၀၂၃ ခုနှစ်အတွင်းဆောင်ရွက်မည့် စီမံကိန်းတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
အဆိုပါအစည်းအဝေးတွင် ASEAN China Country Coordinator ဖြစ်သည့် မြန်မာ နိုင်ငံက အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက် လျက်ရှိ သည့် စီမံကိန်းများ၊ အစီအစဉ်များ၏ တိုးတက်မှုကို တင်ပြဆွေး နွေးသည်။
အစည်းဝေးသို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ ဘရူနိုင်းဒါ ရုဆလမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက် နမ် စသည့် အာဆီယံနိုင်ငံများမှ သက်ဆိုင် ရာနိုင်ငံအလိုက် ကော်မတီဥက္ကဋ္ဌများ၊ မိတ်ဖက်အဖွဲ့ စည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)