နေပြည်တော်၊ အောက်တိုဘာ ၂၀
မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်းတိုးတက်မြင့်မားလာစေရန်နှင့် တစ်မျိုးသား လုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်းမြှင့်တင်ရေး၊ ဒေသအသီးသီးရှိ တိုင်းရင်းသားအချင်းချင်း ချစ်ကြည် ရင်းနှီးမှု တိုးတက်စေရေးနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက် (အမျိုးသား)ဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးစိုင်၊ ဒေါက်တာဗညားအောင်မိုးနှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးကိုကိုလှိုင်၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာဌေးအောင်နှင့် ဦးစောထွန်းအောင်မြင့်၊ ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/ ကျောင်းသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက် ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ဘောလုံးအားကစား ကျယ်ပြန့်စွာ တိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဘောလုံးအားကစားသမားများအချင်းချင်း သွေးစည်းညီညွတ်မှုစိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ပိုမို ထွန်းကားပြန့်ပွားလာစေရေးနှင့် ထူးချွန်ထက်မြတ်သည့် လူငယ်သွေးသစ် ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် အဓိကရည်ရွယ်ပြီး ပြည်နယ်နှင့် တိုင်းဒေသ ကြီး သက်တမ်းအလိုက် ဘောလုံးပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာ့ ဘောလုံးအသင်း အောင်မြင်မှုရရှိနိုင်ရန် မြန်မာ့လက်ရွေးစင်လူငယ် အသင်းများကို ကျောထောက်နောက်ခံ အဖြစ် အင်အားအများဆုံး ဖြည့်တင်းပေးနိုင်မည့် ပြည်နယ်နှင့် တိုင်းဒေသကြီး လူငယ်ဘောလုံးပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ဘောလုံးအကယ်ဒမီကျောင်းများ ဖွင့်လှစ်ခြင်း၊ သက်တမ်းအလိုက်ပြိုင်ပွဲများ ကျင်းပပေးခြင်း၊ ပြည်ပပြိုင်ပွဲများစေလွှတ်ယှဉ်ပြိုင်စေခြင်း၊ အိမ်ရှင်အဖြစ် လက်ခံ၍ ဖိတ်ခေါ်ပွဲများ ကျင်းပပေးရခြင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ပြီး၊ League ပြိုင်ပွဲများကိုလည်း ယနေ့ထိတိုင် ကျင်းပ နိုင်အောင် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။
နိုင်ငံတော်မှ အားကစားကို အားပေးပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသလို အားကစားသမားများ ဘက်မှလည်း နိုင်ငံတော်၏ ကျေးဇူးသစ္စာကိုစောင့်သိရိုသေပြီး နိုင်ငံတော် ဂုဏ်သိက္ခာကျစေမည့် ပြုမူ ဆောင်ရွက်မှုမျိုးကို မပြုလုပ်မိစေရန် အထူးမှာကြားလိုကြောင်း၊ ယခု ဘောလုံးပြိုင်ပွဲသည် ထူးချွန် ထက်မြတ်သည့် လူငယ်သွေးသစ်ဘောလုံးသမားများ ပေါ်ထွက်လာစေရေးအတွက် အခြေခံပြိုင်ပွဲကောင်း တစ်ခုဖြစ်ပြီး ယခုပြိုင်ပွဲမှတဆင့် သွေးသစ်လူငယ်ဘောလုံးအားကစားသမားများကို မြန်မာ့လက်ရွေးစင် လူငယ်ဘောလုံးအသင်းက ရွေးချယ်လေ့ကျင့်ပေးပြီး နိုင်ငံ့ကိုယ်စားပြု ပါဝင်ကစားနိုင်သည်အထိ အောင်မြင်မှုများရရှိနိုင်ရန် လေ့ကျင့်ပြုစုပျိုးထောင်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲတွင် ထူးချွန်သည့် လူငယ်ဘောလုံးအားကစားသမားအများအပြား ပေါ်ထွက်လာလိမ့်မည်ဟု မျှော်လင့်ယုံကြည်ထားပါ ကြောင်း၊ ဒါကြောင့် ပြိုင်ပွဲ၏ ရည်မှန်းချက် မြင့်မားသည်နှင့်အမျှ ပြိုင်ပွဲ၏ အနှစ်သာရများ အကောင်အထည်ပေါ်လာအောင် တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် အထူးမှာကြားလိုကြောင်း။
ပြိုင်ပွဲဝင်အားကစားသမားများကလည်း အားကစားစိတ်ဓါတ်အပြည့်အဝဖြင့် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကစားကြရန်နှင့် ဒိုင်လူကြီးများကလည်းဘက်လိုက်မှုကင်းရှင်းပြီး သတ်မှတ်ထားသည့် ဥပဒေ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခု ပြိုင်ပွဲမှတဆင့် ထူးချွန်ထက်မြက်ပြီး နိုင်ငံတော်မှ အားထားရသော ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွက်လာအောင် ယှဉ်ပြိုင်ကစားသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးတို့သည် ပြိုင်ပွဲဝင်အားကစားအသင်းများအား လိုက်လံနှုတ်ဆက်ကြသည်။
ယနေ့ ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်(၁)ဂိုးစီဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေး ကွင်းအမှတ်(၃)၌ ရှမ်းပြည်နယ် အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက်(၂)ဂိုးစီဖြင့်လည်းကောင်း ယှဉ်ပြိုင်ကစားခဲ့ကြသည်။
၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၁၆) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ကို ယနေ့မှ နိုဝင်ဘာ (၃) ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ် (၁)နှင့် (၃)တို့၌ ကျင်းပသွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အသင်း (၁၃)သင်း၊ အားကစားသမား စုစုပေါင်းအင်အား (၂၉၇) ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကာ ဘောလုံး အားကစားနည်းကို စိတ်ပါဝင်စားသည့် မိဘပြည်သူများအနေဖြင့် အခမဲ့ လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရသည်။
(သတင်းစဉ်)