စစ်တွေ အောက်တိုဘာ ၂၁
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲသို့ ရခိုင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲဝင်များအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထပ်ဆင့်ဂုဏ်ပြုဆု ချီးမြှင့်ပွဲကို အောက်တိုဘာ ၂၀ ရက် ညနေပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နည်းပြဆရာ ဆရာမများ၊ ပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင်များ၊ ရခိုင်ပြည်နယ်က ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ကြီးကြပ်သူ၊ အဖွဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က “ရွှေတံဆိပ် သုံးဆု၊ ငွေတံဆိပ် ခုနစ်ဆု၊ ကြေးတံဆိပ် ရှစ်ဆု၊ နှစ်သိမ့်ဆု နှစ်ဆု၊ အထူးဆု တစ်ဆု ရရှိခဲ့ပြီး နိုင်ငံတော်အဆင့်တွင် နဝမအဆင့်ရရှိခဲ့သဖြင့် ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ (၂၄)ကြိမ်မြောက် ပြိုင်ပွဲကြီးတွင်လည်း ယခုထက် အောင်မြင်မှုများရရှိနိုင်ရေး ပိုမိုကြိုးစားအားထုတ်ကြရန် တိုက်တွန်းလိုကြောင်း” ပြောကြားသည်။ ဆက်လက်၍ ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်များနှင့် ကြီးကြပ်သူ၊ အဖွဲ့ခေါင်းဆောင်များအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပြီး ဆုရရှိသူများကိုယ်စား ကြီးကြပ်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြီးကြပ်သူများ၊ ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင်များနှင့် ဖျော်ဖြေရေးအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်မှ ပြိုင်ပွဲဝင် ၆၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင်များနှင့် ကြီးကြပ်အုပ်ချုပ်သူများ၊ ဆရာ၊ ဆရာမများသည် အောက်တိုဘာ ၁၉ ရက် ညနေပိုင်းနှင့် ၂၀ ရက် နံနက်ပိုင်းတို့တွင် နေပြည်တော်မှ စစ်တွေလေဆိပ်သို့ မြန်မာအမျိုးသားလေကြောင်းဖြင့် ပြန်လည်ရောက်ရှိခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)