အောက်တိုဘာ ၂၁
တရုတ်နိုင်ငံသည် သဘာဝဓါတ်ငွေ့ရည်အဓိကတင်ပို့သော ကာတာနိုင်ငံနှင့်ရင်းနှီးချစ်ခင်မှုတိုးမြှင့်ရန် ကြိုးပမ်းချက် တစ်ရပ်အနေဖြင့် ယင်းနိုင်ငံသို့ ပန်ဒါဝက်ဝံကြီးနှစ်ကောင် ပေးပို့ခဲ့ကြောင်း သတင်းဖော်ပြထားသည်။
အဆိုပါဝက်ဝံနှစ်ကောင်ကြိုဆိုပွဲအခမ်းအနားကို ကာတာနိုင်ငံတွင် အောက်တိုဘာ ၁၉ ရက်က ကျင်းပခဲ့ကြသည်ဟု တရုတ်နိုင်ငံနှင့်ကာတာနိုင်ငံမီဒီယာတို့တွင် ရေးသားထားသည်။
ထိုဝက်ဝံနှစ်ကောင်မှာ အသက် လေးနှစ်အရွယ်ပန်ဒါအထီးနှင့် အသက် သုံးနှစ်အရွယ်ပန်ဒါအမတို့ဖြစ်ပြီး ၎င်းတို့၏အမည်များမှာ ဆူဟေးနှင့်သုရာယာတို့ဖြစ်ကြောင်း သိရသည်။
၎င်းပန်ဒါတို့သည် ကာတာနိုင်ငံတွင် တောအသွင်ပြုပြင်ဖန်တီးထားသောဝင်းအတွင်း သွားလာနေထိုင်ကြပြီး သုတေသနအတွက် ၁၅ နှစ်ကြာနေထိုင်မည်ဟု ထိုမီဒီယာကဆိုသည်။ ၎င်းတို့ကိုအများသူငါ ပြသသွားရန်စီစဉ်ထားကြောင်းလည်း ထပ်လောင်းပြောဆိုသည်။
တရုတ်နိုင်ငံမှ ပန်ဒါဝက်ဝံများကို ကာတာနိုင်ငံသို့ ပေးပို့ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်ဟု သိရသည်။
ကာတာနိုင်ငံအနေဖြင့် လာမည့်လတွင်လက်ခံကျင်းပမည့် ကမ္ဘာ့ဖလားဘောလုံးပွဲနှင့်ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ အာရုံစိုက်မှုရရှိလာချိန်တွင် ယခုကဲ့သို့ ပန်ဒါသံခင်းတမန်ခင်းဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို