ရန်ကုန် အောက်တိုဘာ ၂၁

နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အသစ်ခန့်အပ်လိုက်သော ဌာနစုမှူး-၂/ တတိယအတွင်းဝန် အရာထမ်းငယ် များအတွက် ဖွင့်လှစ်သည့် သံတမန်ရေးရာသင်တန်း (Course in Diplomacy-CID) အမှတ်စဉ်(၇/၂၀၂၂) သင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက နိုင်ငံခြားရေး ဝန်ကြီးဌာန (ရန်ကုန်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားသည်။

အခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် သင်တန်းနည်းပြ ဆရာကြီး ဆရာမကြီးများက သင်တန်းသား သင်တန်းသူများအား သင်တန်းပြီးမြောက်ကြောင်း အောင်လက်မှတ်များနှင့် ထူးချွန်သင်တန်းသား သင်တန်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။ 

သင်တန်းဆင်း အခမ်းအနားသို့ သင်တန်းပို့ချပေးခဲ့ကြသည့် ဝါရင့်သံတမန်ကြီးများ၊ အငြိမ်းစား သံအမတ်ကြီးများ၊ ဘာသာရပ်ဆိုင်ရာ နည်းပြဆရာကြီး ဆရာမကြီးများ၊ တက္ကသိုလ်အသီးသီးမှ ဆရာကြီး ဆရာမကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အဆိုပါသင်တန်းကို နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်တွင် ဩဂုတ် ၁၅ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)တွင် အောက်တိုဘာ ၃ ရက်မှ ၂၁ ရက်အထိ လည်းကောင်း စုစုပေါင်းရက်သတ္တ ၁၀ ပတ်ကြာ ဖွင့်လှစ်ပို့ချခဲ့ပြီး အရာထမ်းငယ်များ၏ အရည်အသွေး မြှင့်တင်ရန်နှင့် ဘာသာရပ်ဆိုင်ရာ ဗဟုသုတကြွယ်ဝစေရန်အတွက် နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံတကာ ဆက်ဆံရေး၊ မျက်မှောက်ခေတ် နိုင်ငံတကာရေးရာများ၊ သံတမန်ရေးရာ ဘာသာရပ်များ၊ အပြည်ပြည် ဆိုင်ရာဥပဒေများ၊ အထွေထွေဗဟုသုတများနှင့် လက်တွေ့အသုံးချ အင်္ဂလိပ်စာဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်