ရန်ကုန် အောက်တိုဘာ ၂၁

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အလယ်အလတ်အဆင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာသင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲကို  အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်၊ ဥက္ကဋ္ဌရုံးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား၊ စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က “သင်တန်းသား၊ သင်တန်းသူ များသည် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားအတွင်းမှ အခြေခံကျသည့် လုပ်ငန်းတာဝန်များကို နှစ်ကာလ အတိုင်းအတာ တစ်ခုအထိ ဆောင်ရွက်ခဲ့ကြသည့် အတွေ့အကြုံရှိသူများဖြစ်သလို နိုင်ငံတော်၏သစ္စာကို စောင့်သိရိုသေခြင်း၊ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ နိုင်ငံတော် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တို့ကို ကြိုးပမ်းဆောင်ရွက်ခြင်း၊ ပါတီနိုင်ငံရေးကင်းရှင်းပြီး အမိန့်နှင့် တာဝန်များကို ဦးလည်မသုန်ကြိုးပမ်းဆောင်ရွက်ခြင်း စသည့် သစ္စာတရားများကို ဦးထိပ်ထားသူများဖြစ်ကြ၍ လေးစားဂုဏ်ယူပါကြောင်း။

သင်တန်းသားများအနေဖြင့် နိုင်ငံတော်အပေါ်သစ္စာစောင့်သိ၍ ပြည်သူတို့၏ ဆန္ဒသဘောထားကို အလေးအနက်ထားကာ အမျိုးသားအကျိုးစီးပွားကို တာဝန်သိသိ၊ စေတနာရှိရှိ ဝိုင်းဝန်းဆောင်ရွက်ကြရန် အလွန်အရေးကြီးကြောင်း၊ နိုင်ငံတော်၏မူဝါဒများ၊ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နေချိန်တွင် ဝန်ထမ်းကောင်းဟူသော အသိစိတ်ဖြင့် စိတ်ရောကိုယ်ပါ အားတက်သရော ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက်သွားကြရန်” တိုက်တွန်းမှာကြားသည်။ ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။

ယင်းနောက် အဆိုပါသင်တန်း၏ ဘွဲ့နှင်းသဘင်အခမ်းအနားကို တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးဇော်ဇော်က ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့် ဒီပလိုမာဘွဲ့လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။ အဆိုပါ သင်တန်းကို မေ ၂ ရက်မှ ဩဂုတ် ၁၉ ရက်အထိ Distance Learning ဖြင့် လည်းကောင်း၊ ဩဂုတ် ၂၉ ရက်မှ အောက်တိုဘာ ၂၁ ရက်အထိ In-House  Learning ဖြင့်လည်းကောင်း Hybrid စနစ်ဖြင့် ဖွင့်လှစ်ခဲ့ရာ သင်တန်းသား ၉၆ ဦး၊ သင်တန်းသူ ၈၈ ဦး စုစုပေါင်း ၁၈၄ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်