နေပြည်တော်၊ အောက်တိုဘာ ၂

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး Mr. Harishchandra Ghimire  နှင့်အဖွဲ့အား ယနေ့နံနက် (၁၁) နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် မြန်မာ-နီပေါ နှစ်နိုင်ငံ၏ ကောင်းမွန်သော ဆက်ဆံရေးသည် ရှေးယခင်ကပင် ဖြစ်တည်ခဲ့မှု၊ နှစ်နိုင်ငံ ကိုးကွယ်သည့်ဘာသာနှင့် ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်းများ တူညီစွာရှိနေမှုနှင့် အပြန်အလှန် ကူးလူးဆက်သွယ်သွားလာမှု၊ နီပေါနိုင်ငံရှိ လုမ္ဗိနီဥယျာဉ်ရှိ ရာဒေသ၌ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း ဖွင့်လှစ်ထားမှုနှင့် မြန်မာလေကြောင်းလိုင်းများ တိုက်ရိုက်ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု၊ မြန်မာနိုင်ငံရှိ နီပေါနိုင်ငံသားများ၏ ပြည်ဝင်ဗီဇာကိစ္စရပ်များနှင့် နေခွင့်သက်တမ်း တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ အဆင်ပြေစေရေး အတွက် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ရေး၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာဖြင့် အပြန်အလှန် သွားလာနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများအား အကျိုးတူ ပူးပေါင်း ဆောင်ရွက်နိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)