နေပြည်တော် အောက်တိုဘာ ၂၁

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲစာရင်းပြည့်စုံမှန်ကန်ရေး ခြေခံ လူဦးရေစာရင်း လစဉ်တိုက်ဆိုင်စိစစ်ခြင်းနှင့် မဲရုံများလျာထားသတ်မှတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်စောဝင်းနှင့် ဦးစောဘလှိုင်တို့ ဦးစီးသည့်အဖွဲ့သည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် သန်လျင်ခရိုင် မဲဆန္ဒနယ်မှ မြို့နယ်(၅)မြို့နယ်၏ အခြေခံလူဦးရေစာရင်း တိုက်ဆိုင်စိစစ်ထားရှိမှု အခြေအနေများနှင့် အဆိုပြု မဲရုံလျာထားချက် များကို စိစစ်အတည်ပြုသတ်မှတ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါလုပ်ငန်းများကို သန်လျင်ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန ဦးစီးမှူး၊ မြို့နယ်(၅)မြို့နယ်တို့မှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးမှူးများနှင့် မြို့နယ်ရွေးကောက်ပွဲ အရာရှိများ ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

၂၀၂၂ ခုနှစ် ဩဂုတ်လနှင့် စက်တင်ဘာလ အခြေခံလူဦးရေစာရင်း တိုက်ဆိုင်စိစစ်တွေ့ရှိချက် များအရ ရန်ကုန်တိုင်းဒေသကြီး ၄၅ မြို့နယ်၏ မြေပြင်တွင်နေထိုင်သူ ဦးရေစာရင်းတွင် ၁၅၃၆၂ ဦး ၊ ဥပဒေနှင့်အညီနေထိုင်သူစာရင်းတွင် ၈၅၆၅ ဦး၊ နိုင်ငံသားကတ် ရှိသူစာရင်းတွင် ၁၃၅၅၀ ဦး အသီးသီး အရေအတွက် တိုးလာကြောင်း သိရှိရ သည်။

 

အဆိုပါ ရန်ကုန်တိုင်းဒေသကြီးနယ်မြေ မြို့နယ် ၄၅ မြို့နယ်၏ အခြေခံလူဦးရေ လစဉ်စိစစ် တိုက်ဆိုင်မှုနှင့် အဆိုပြုမဲရုံများ လျာထားသတ်မှတ်ခြင်းလုပ်ငန်းကို အောက်တိုဘာ ၁၂ ရက်မှ  စတင်ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၂၀ ရက်တွင် တိုင်းဒေသကြီးနယ်မြေရှိ  မြို့နယ်အားလုံး ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

 

မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့သည် မဲစာရင်းပြုစုရာ တွင် ကော်မရှင်ကသတ်မှတ်သည့် ပုံစံဇယားများအတိုင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့က ပြုစုထားသည့် လူဦးရေစာရင်းများကို ရယူအခြေခံပြုစုရမည်ဖြစ်သည်။

(သတင်းစဉ်)