နေပြည်တော် အောက်တိုဘာ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများတွင် နေ့ကလေး ထိန်းဌာနများဖွင့်လှစ်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် အသက်(၆)လမှ (၃)နှစ်အရွယ် ကလေး သူငယ် ပြုစုစောင့်ရှောက်သူများအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က သင်တန်းတက်ရောက်ပြီး သူများအနေဖြင့် သက်ဆိုင်ရာဌာနများတွင် ကလေးပြုစု စောင့်ရှောက်ရေးဆိုင်ရာ Resource Person များအဖြစ် သင်ယူခဲ့ရသည့်ပို့ချချက်များအပေါ် လက်တွေ့အသုံးချသွားရန်နှင့် ဆက်လက်လေ့လာသွားရန် လိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနများရှိ ဝန်ထမ်းများ၏ သား/သမီးငယ်များကို စနစ်တကျပြုစု စောင့်ရှောက်မှုမှတဆင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ ပေါင်းသင်းဆက်ဆံရေးဖွံ့ဖြိုးမှုရရှိစေသည့် လုပ်ငန်းစဉ်ဖြစ်သောကြောင့် နေ့ကလေးထိန်း ဌာနများကို ဝန်ကြီးဌာနများတွင် တိုးချဲ့ဖွင့်လှစ်နိုင်မည်ဟု ယုံကြည်ပါကြောင်းပြောကြားသည်။
ထို့နောက် သင်တန်းသားများကို သင်တန်းဆင်းလက်မှတ်ချီးမြှင့်ပေးပြီး သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၏ ပြန်လည်ထူထောင်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၂)ကို ပြန်လည် ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီးက ပြန်လည်ထူထောင်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များအရ လုပ်ငန်းများထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် မူဝါဒနှင့် လုပ်ငန်းအစီအစဉ်များ ရေးဆွဲခြင်း၊ ပေါင်းစပ်ဆောင်ရွက်ခြင်း၊ မူးယစ်ဆေးစွဲလူနာများကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ သက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးခြင်း၊ နောက်ဆက်တွဲစောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်း၊ စခန်းအခြေပြု ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မူးယစ်ဆေးစွဲကုသရေး ဌာနများနှင့် ပြန်လည်ထူထောင်ရေးစခန်းများ ချိတ်ဆက်၍ ဆေးဖြတ်ပြီးသူများကို ပြန်လည်ထူထောင်ပေးနိုင်ရေးဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဖြတ်ကုသမှု ခံယူပြီးသူများကို စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းများနှင့် ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေး သင်တန်းများဖွင့်လှစ်ပြီး သင်တန်းသားများလက်ခံခြင်း၊ သင်တန်းသားများ၏ ကိုယ်ရေးအချက်အလက်များကောက်ယူခြင်းနှင့် ရပ်ရွာလူထုအသိုင်းအဝိုင်း အတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် နောက်ဆက်တွဲစောင့်ရှောက်မှုများကို ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများအတွက် စံလုပ်ငန်းလမ်းညွှန်စာအုပ်ကို ရေးဆွဲလျက်ရှိပြီး အတည်ပြုချက်ရရှိပါက မူးယစ်ဆေးဖြတ်ပြီး သူများ စခန်းများတွင် အဆိုပါစာအုပ်ကို လက်တွေ့အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းဆောင်ရွက် ချက်များကိုတင်ပြပြီး အစည်းအဝေးတက်ရောက်သူများက လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
(သတင်းစဉ်)