ရန်ကုန် အောက်တိုဘာ  ၂၁

 

မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)၏ အမျိုးသားအဆင့်အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲနှင့် အာဆီယံ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ယက်ဆု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည့် စက်ရုံ၊ အလုပ်ရုံများကို အသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဗဟိုသင်တန်းကျောင်း သုဝဏ္ဏခန်းမ၌ ကိုဗစ်-၁၉ ဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဋ္ဌာန်းရေး အဖွဲ့ (NSSA) ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လုပ်သား ၅၀၀၀ စစ်ဆေးအကဲဖြတ်ရန် လျာထားပြီး အလုပ်အကိုင် အမျိုးအစားအလိုက် ကျွမ်းကျင်လုပ်သားများ မွေးထုတ်၍ အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးလျက်ရှိကြောင်း၊ ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးခြင်းဖြင့် လုပ်သားများ၏ လူမှုစီးပွားဘဝ တိုးတက်စေနိုင်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာ အထောက် အပံ့ဖြစ်စေကြောင်း၊ ကျွမ်းကျင်လုပ်သား အများဆုံးလိုအပ်သော အလုပ်အကိုင် များကိုသာဦးစားပေး စစ်ဆေးအကဲဖြတ်လျက်ရှိကြောင်း။

 

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်လုပ်သားမွေး ထုတ်ရေးလုပ်ငန်းသည် အလုပ်ရှင်၊ အလုပ်သမား၊ နိုင်ငံတော်အတွက် များစွာအကျိုးရှိ စေ၍ ကျွမ်းကျင်မှု အသိအမှတ်ပြုခံရသည့် လုပ်သားများအနေဖြင့်  အခြေခံကျွမ်းကျင်လုပ် သားအဆင့်မှ ကျွမ်းကျင် လုပ်သား၊ ဘက်စုံကျွမ်းကျင်လုပ်သား၊ ကြီးကြပ်သူနည်းပညာရှင် (ကျွမ်းကျင်မှုအဆင့်-၄ အထိ) အသိအမှတ်ပြုခံရရေး ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ မြန်မာ့လုပ်သားထု ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွင် အစိုးရ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ပုဂ္ဂလိက သင်တန်းကျောင်းများ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးလျက်ရှိသဖြင့် မိမိတို့အသက်မွေးဝမ်း ကျောင်းလုပ်ငန်း အလိုက် ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များရယူရန် စဉ်ဆက်မပြတ် လေ့လာသင်ယူ မှုပြုနိုင်ရေး လုပ်ဖော်ကိုင်ဖက် လုပ်သားများကို အသိပေးစေလိုကြောင်း ပြောကြားခဲ့သည်။

 

 ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကျွမ်းကျင်လုပ်သား ၅၄၃ ဦး၊ ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးဌာန ၈ ခု၊ Inspector ၇ ဦးနှင့် Assessor ၁၄ ဦးတို့ကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခဲ့ပြီး ASEAN လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးကွန်ယက်ဆု ဝင်ရောက်ယှဉ် ပြိုင်ခဲ့သည့် စက်ရုံ၊ အလုပ်ရုံများမှ တာဝန်ခံများကို ဂုဏ်ပြုလက်မှတ်ပေး အပ်သည်။    

 

NSSA အနေဖြင့် ၂၀၁၄ ခုနှစ်မှ ၂၀၂၂ ခု အောက်တိုဘာလအထိ အလုပ်အကိုင် အမျိုးအစား ပေါင်း ၃၁ မျိုးအတွက် လုပ်သား ၂၁၀၉၇ ဦးကို စစ်ဆေးအကဲဖြတ်၍ ကျွမ်းကျင်မှု အဆင့်-၁ လုပ်သား (၁၇၉၃၉)ဦး၊ ကျွမ်းကျင်မှု အဆင့်-၂ လုပ်သား  (၁၂၃၇) ဦးနှင့် ကျွမ်းကျင်မှုအဆင့်-၃ လုပ်သား (၅) ဦး အပါအဝင် အရည် အသွေးပြည့်ဝသူ  ၁၉,၁၈၁ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာန ၁၉၉ ခုကို အသိအမှတ်ပြုနိုင်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဒဂုံအရှေ့မြို့နယ်ရှိ West Wood Myanmar Co.,Ltd၊ Sanyuan Oversea Myanmar Co.,Ltd နှင့် General Enterprise Garnment သို့ ရောက်ရှိပြီး လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးအတွက် အလုပ်ရှင်နှင့် လုပ်သားများမှ ကောင်းမွန်သည့်လုပ်ငန်းခွင် ဆက်ဆံရေး တည်ဆောက်ရန်လိုကြောင်း၊ ကုန်ထုတ် စွမ်းအားမြင့်မားစေရေးအတွက် ကျွမ်းကျင်လုပ်သားများ ပြုစုပျိုးထောင်နိုင်သည်နှင့်အမျှ ထုတ်ကုန်များကို အရည်အသွေးမီ၊ အချိန်မီ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ အလုပ်သမား ရေးရာဥပဒေများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မိမိတို့ ဦးစီးဌာန၊ အဖွဲ့ရုံးများသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း မှာကြားသည်။

 

ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် မန္တလေးတိုင်းရှိစက်ရုံ၊ အလုပ်ရုံများတွင်  လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုစနစ်ကို ကိုယ်တိုင် ဆောင်ရွက်နိုင်ရန် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီ ၁၃၀၀ ကျော် ဖွဲ့စည်းနိုင်ခဲ့ပြီး ဦးစီးဌာနမှ လုပ်ငန်းခွင်ပတ်ဝန်းကျင် အခြေအနေတိုင်းတာ အကဲဖြတ်ခြင်းကို အကြိမ် ၉၀၀ ကျော် တိုင်းတာပေးနိုင်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)