နေပြည်တော် အောက်တိုဘာ ၂၁

 

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်တတ်ကျွမ်းပြီး ပြည်သူလူထုကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင်ပြေချောမွေ့စွာ ဝန်ဆောင်မှုပေး နိုင်ရေးအတွက် ဖွင့်လှစ်ပေးသည့် အခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်းအမှတ်စဉ်(၄)နှင့် အင်ဂျင်နီယာ လုပ်ငန်း ကျွမ်းကျင်မှုမွမ်းမံသင်တန်းအမှတ်စဉ်(၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ မင်္ဂလာခန်းမ၌ ကျင်းပသည်။

 

သင်တန်းဆင်းပွဲသို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ ဌာနမှူးများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

သင်တန်းဆင်းပွဲတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင် က စည်ပင်ဝန်ထမ်းများသည် ပြည်သူလူထု၏ အကျိုးစီးပွားများကို စေတနာထား၍ တိုက်ရိုက်ထိတွေ့ဝန်ဆောင်မှု ပေးကြရမည်ဖြစ် ကြောင်း၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်(Capacity)ပြည့်ဝရန်အတွက် လုပ်ငန်းပိုင်း ဆိုင်ရာကျွမ်းကျင်မှု (Technical Skill)ရှိရန် လိုအပ်သလို စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ စွမ်းဆောင်ရည် (Management Skill) ရှိရန်လည်းလိုအပ်ကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့် အရည်အချင်းများ ပြည့်ဝမြှင့်တင် ရန်အတွက် စဉ်ဆက်မပြတ် လေ့လာသင်ယူကြရန်လိုကြောင်း၊ နေပြည်တော်သည် အစိုးရရုံး စိုက်ရာမြို့တော် ဖြစ်သည့်အတွက်   မြို့တော်အင်္ဂါရပ်နှင့်ကိုက်ညီစေရန် နေပြည်တော်ကို Green City, Clean City, Smart City ဖြစ်ရေး ဆောင်ရွက်ရာတွင် စည်ပင်သာယာရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးစား‌ဆောင်ရွက် သွားကြစေလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက သင်တန်းအလိုက် ထူးချွန် ဆုရရှိသော သင်တန်းသား သင်တန်းသူများကို တစ်ဦးချင်းဆုတံဆိပ်များနှင့် သင်တန်းသား ကိုယ်စားလှယ်များထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)