မြဝတီ အောက်တိုဘာ ၂၂

 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ဆောင်းနေကြာသီးနှံ ဧကတိုးချဲ့စိုက်ပျိုးမည့် တောင်သူများအား ဒုတိယအကြိမ် မျိုးစေ့ထောက်ပံ့ခြင်း အခမ်းအနားကို အောက်တိုဘာ ၂၁ ရက်က မြဝတီခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က နိုင်ငံတော်အစိုးရ အနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် ကူညီထောက်ပံ့မှုများကို အစဉ်တစ်စိုက် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ယခုအခါ နေကြာစိုက်ပျိုးမှုများကို ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိစေရေးနှင့် ပြည်ပ ကနေ သွင်းကုန်အစားထိုးတစ်ခုအနေဖြင့် ပါဖြစ်လာအောင် နိုင်ငံတော်မှ အလေးထားကူညီထောက်ပံ့မှုများ ပေးအပ်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ ဒုတိယအကြိမ် ထပ်မံထောက်ပံ့ရခြင်းဖြစ်ပါကြောင်းနှင့် လိုအပ်ချက် များကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

 

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင် က နေကြာစိုက်ပျိုးသွားမည့် အခြေအနေများကို ရှင်းလင်း ပြောကြားပြီး မြဝတီခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်နိုင်ဦးက နေကြာစိုက်ပျိုးခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။

 

ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းရွှေက နေကြာစိုက်ပျိုးသည့် နည်းစနစ်များနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်နိုင်ဦး၊ မြို့နယ်ဦးစီးမှူး ဦးသန်းရွှေနှင့် တာဝန်ရှိသူများက တောင်သူများအား နေကြာ မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ဆက်လက်ပြီး တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး မြဝတီမြို့နယ် အနေဖြင့် ကျေးရွာ ၆ ရွာတွင် စုစုပေါင်း စိုက်ပျိုးဧက ၃၀၃ ဧကအထိ စိုက်ပျိုးပြီးဖြစ်ကာ ယခု ဒုတိယအကြိမ် ထောက်ပံ့သည့် မျိုးစေ့များဖြင့် ၁၉၇ ဧက ထပ်မံတိုးချဲ့ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)