ရန်ကုန် အောက်တိုဘာ ၂၂

မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ”သတ်မှတ်ရေးပြဋ္ဌာန်းရေးအဖွဲ့မှ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များရရှိရေး အားထုတ်ဆောင်ရွက်ရန်နှင့် နိုင်ငံတော်မှ လုပ်သားများ၏ လူနေမှုဘဝမြင့်မားစေရေး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အုပ်တစ်ချပ် သဲတစ်ပွင့်ပမာ ပါဝင်ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းရှိန်က ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ Golden Sea Myanmar Accredited Training School သင်တန်းကျောင်း၌ အခြေခံစက်ချုပ်သင်တန်းနှင့် အဆင့်မြင့်စက်ချုပ်သင်တန်း ဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုအားပေးစဉ် မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက သင်တန်းကျောင်းမှာ သက်တမ်း ၂ နှစ်ကျော်သာ ရှိသေး၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနှင့်ချိတ်ဆက်ပြီး အမျိုးသားအဆင့် အသိအမှတ် ပြု ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး ရည်မှန်းဆောင်ရွက်ရန် လိုကြောင်း၊ သင်တန်းသားများကို အသိပညာ၊ စည်းစနစ်ရှိမှု၊ သေသပ်စွာလုပ်ကိုင် တတ်သည့် အလေ့အကျင့်ကောင်းများကို လုပ်ငန်းခွင်အတွင်း ပြန်လည်အသုံးချနိုင်ရေး ကောင်းစွာ ပို့ချပေးစေလိုကြောင်း၊ စာတွေ့လက်တွေ့ ကျွမ်းကျင်ပိုင်နိုင်ပြီး အရည်အသွေး ပြည့်ဝသည့် နည်းပြဆရာများဖြင့် သင်ကြားပို့ချပြီး သင်တန်းဆင်းများကို လုပ်ငန်းခွင် ဝင်ရောက်နိုင်ရေး ချိတ်ဆက်ပေးမှုကို အလေးထားဆောင်ရွက်ပေးရန်နှင့် သင်တန်းသားများအနေဖြင့် ရရှိထားသည့် ကျွမ်းကျင်မှုအဆင့်နှင့် တင်းတိမ်ရောင့်ရဲခြင်းမရှိဘဲ မိမိဘဝတိုးတက်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားသည်။

အဆိုပါ သင်တန်းကျောင်းကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လတွင် စတင်ဖွင့်လှစ်ခဲ့ပြီး အသက်မွေးဝမ်းကျောင်းအတွက် စက်ချုပ်သင်တန်း ၂ ခုကို သင်ကြားပို့ချ၍ အလုပ်အကိုင် ရရှိရေး ပြည်တွင်းအထည်ချုပ်လုပ်ငန်းများနှင့် ချိတ်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်