နေပြည်တော် အောက်တိုဘာ ၂၂ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၁ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် ဗန်းမော်မြို့နယ်၊ စီအင်ကျေးရွာအုပ်စု၊ စီအင်ကျေးရွာနေ ဝင်းမောင်၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၅၀ ကိုလည်းကောင်း၊  အလားတူ ယင်းနေ့ မွန်းတည့် ၁၂ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာ အဝေးပြေးကားဝင်း၊ တောင်ကြီးလမ်းနှင့် ဥဿာလမ်းဆုံတွင် ထွန်းစိုးပြေဦး(ခ)စိုပြေဦး အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၁၂  နာရီ ၂၅ မိနစ်တွင် အောင်မင်္ဂလာအဝေးပြေးကားဝင်း၊ ဥဿာလမ်းမပေါ်ရှိ စားသောက်ဆိုင်ရှေ့တွင် စိတ်ကြွရူးသွပ်ဆေးပြားများရောင်းချခိုင်းသူ မသန္တာဦး(ခ) ဘုတ်ပွနှင့် မနော်ယဉ်ယဉ်ထူး(ခ) ယဉ်ယဉ်ထူး တို့ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၆ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ ပန်ဝိုးကျေးရွာအုပ်စု၊ ဟိုတင့်ကျေးရွာအနီး၊ လွိုင်လင်-တောင်ကြီးသွားကားလမ်းတွင် ဘုန်းမြတ်စိုး မောင်းနှင်ပြီး မျိုးနေဇာ နှင့် မစုစုငြိမ်း(ခ) စုစု တို့လိုက်ပါလာသည့် Mark-II အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ အိုက်စ် ၂ ကီလိုနှင့် စိတ်ကြွ ရူးသွပ်ဆေးပြား ၉၀,၀၀၀ သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ ည ၇ နာရီခွဲတွင် ပင်လုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ချယ်ရီလမ်းရှိ မနန်းအေးဥ(ခ)နန်းခမ်းလူ ၏နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၄,၀၀၀ ကိုလည်းကောင်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်