ရန်ကုန် အောက်တိုဘာ ၂၂

သီးနှံစိုက်ပျိုးတောင်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တိုက်ရိုက်အကျိုးဖြစ်ထွန်း စေမည့် စိုက်ပျိုးသီးနှံများအတွက် သုတေသနလုပ်ငန်းများကို စိုက်ပျိုးရေးသုနေသန ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ရေမြေရာသီဥတုနှင့်လိုက်ရောညီထွေသော သီးနှံများ၏ မျိုးသစ်များကို သုတေသနပြုထုတ်လုပ်ရာ၌ ၂၀၃၀ ပြည့်နှစ်တွင် လက်ရှိထက် ကောင်းမွန်သော ကြံသီးနှံမျိုးသစ်များကို တောင်သူတို့လက်ဝယ်အရောက် ဖြန့်ဝေပေးနိုင်ရေး စီမံချက်ထား ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။

ကြံမျိုးကူးစပ်ခြင်းလုပ်ငန်းတွင် ကြံထွက်နှုန်းနှင့်သကြား ထွက်နှုန်းကောင်းမွန်သော ကြံမျိုးသစ်များရရှိရန်၊ မျိုးကူးစပ်ရာသီ၌ ကြံမှိုနှံ၊ ကြံအူနီရောဂါခံနိုင်ရည်ရှိသော ထွက်နှုန်းကောင်း ကြံမျိုးသစ်များရရှိရန် ရည်ရွယ်ချက်တို့ဖြင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန စက်မှုသီးနှံနှစ်ရှည်ပင်များ သုတေသနဌာနခွဲ ကြံနှင့်သကြားထွက်သီးနှံ သုတေ သနဌာနစုက ဆောင်ရွက်လျက်ရှိသည်။ ကြံမျိုးကူးစပ်ရာတွင် မိဘမျိုး ၂၈ မျိုးကို အသုံးပြု၍ အတွဲပေါင်း(အဖို/အမ) ၅၆ တွဲကို မျိုးကူးစပ်ခဲ့ခြင်းဖြစ်ပြီး ရရှိခဲ့သော စပ်မျိုး စေ့များကို ပျိုးဘန်းများတွင် အပင်ဖောက်ခြင်းလုပ်ငန်းအား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ အတွင်း ဆောင်ရွက်နိုင်ခဲ့ရာ ၂၀၂၂ ခုနှစ် မတ်လ၌ ကြံမျိုးလိုင်းသစ်များအား ပလပ်စတစ် အိတ်များအတွင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးမှုဖြင့် မျိုးလိုင်းပေါင်း ၂၅၀၀၀ ကျော် ရရှိထားခြင်း ဖြစ်သည်။

မျိုးရွေးချယ်ခြင်း သုတေသနလုပ်ငန်းများဆောင်ရွက်ရာ၌ အဆိုပါမျိုးလိုင်းများကို Family Selection and Individual Selection နည်းလမ်းများကို အသုံးပြု၍ ရည်ရွယ်ချက်နှင့်ကိုက်ညီသည့် မျိုးလိုင်းများကို ၃ နှစ်တာ ရွေးချယ်ဆောင်ရွက်သွား မည်ဖြစ်ပြီး ရွေးချယ်ရရှိသော မျိုးလိုင်းများကို အထွက်နှုန်းယှဉ်ပြိုင်ခြင်း (Yield Assessment Trials)သုတေသနလုပ်ငန်းကို နေရာအလိုက်သုတေသနပြု စမ်းသပ် ဆောင်ရွက်သွားမည်ဖြစ်ရာ အကျိုးရလဒ်အဖြစ် ၂၀၃၀ ပြည့်နှစ်တွင် လက်ရှိမျိုးများထက် သာလွန်ကောင်းမွန်သော ကြံသီးနှံမျိုးသစ်များကို စိုက်ပျိုးတောင်သူတို့ လက်ဝယ် အရောက် ဖြန့်ဝေသွားနိုင်ရေး စီမံချက်ထား ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။

ဓာတ်ပုံ - ကနူး
ညိမ်းသူ(သတင်းစဉ်)