နေပြည်တော် အောက်တိုဘာ ၂၂

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်(နေပြည်တော်-ရန်ကုန်)လမ်းပိုင်းကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာ အမှတ်(၃)လမ်းဆုံမှတဆင့် အမှတ်(၁)ခရိုင် ချင်းဆက်လမ်း(၅)မိုင်(၅)ဖာလုံရှိ လမ်းစခန်းရှင်းလင်းဆောင်သို့ရောက်ရှိပြီး လမ်းဦးစီးဌာန  လမ်းအထူးအဖွဲ့(၁၄)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ကိုဦး က ညောင်နှစ်ပင် ပြည်ထောင်စုခန်းမကြီး အဝင်လမ်းသစ် လမ်းအူကြောင်းဖောက်လုပ်နေမှုကို ရှင်းလင်းတင်ပြ ကာ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းဦး က လိုအပ်သည်များ ဖြည့်စွက် ရှင်းလင်းတင်ပြသည်။ 

ယင်းနောက် ဒုတိယဝန်ကြီးက လျာထားစီမံချက်ပါအတိုင်း မြေသားတာပေါင်လုပ်ငန်း ဆောင်ရွက်နေမှု၊ Box Culvert တည်ဆောက်မှု ၊ ပလက်ဖောင်းနေရာသတ်မှတ်မှုနှင့် (၂၂) ပေ အကျယ် ကွန်ကရစ်လမ်းဖောက်လုပ်မည့် အသေးစိတ်အခြေအနေများကို မေးမြန်းပြီး သတ်မှတ်ချိန်ပြီးစီးရေး စီမံချက်ရေးဆွဲဆောင်ရွက်ရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ စက်ယာဉ်ယန္တရားများလုံခြုံရေးတို့ကို အလေးထားဂရုပြု ဆောင်ရွက်ရန်မှာကြားသည်။ 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုခန်းမကြီး အဝင်လမ်းသစ် ဖောက်လုပ်နေမှုကို အမှတ်(၁)ခရိုင်ချင်းဆက်လမ်းမှ တဆင့်လမ်းတစ်လျှောက်ကို လည်းကောင်း၊ ဆတ်သွားတော-ကြာကန်စု- ညောင်နှစ်ပင် လမ်းအတိုင်း လမ်းတစ်လျှောက် ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်