နေပြည်တော် အောက်တိုဘာ ၂၂

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဒဂုံမြို့သစ်ခရိုင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးဆောင်သော ပူးပေါင်းအဖွဲ့က သတင်းအရ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ဒဂုံစက်မှုဇုန်(၂)ရှိ သစ်အချောထည် လုပ်ငန်းဂိုဒေါင်၌ တရားမဝင် ကျွန်းပါကေးနှင့် T&G သစ်ခွဲသား(၁ ဒသမ ၈၀၆၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၁၉၂,၂၂၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ အောက်တိုဘာ ၂၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ စစ်ဆေးရေးအဖွဲ့က ဝန်ထမ်းများသည်  မြဝတီ - ဘားအံ - ရန်ကုန်သွားကားလမ်း၊ ပဲခူးတက္ကသိုလ်ရှေ့တွင် မော်တော်ယာဉ်(၁)စီးအား တားဆီးစစ်ဆေးခဲ့ရာ သွင်းကုန်ကြေညာ လွှာ(ID)တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော စတီးပိုက်များ(၅.၉၃၂)တန်နှင့် ကုန်ပစ္စည်း(၉)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄,၈၉၈,၅၆၀)နှင့် အဆိုပါပစ္စည်းများတင် ဆောင်လာသော Howo Sino အမျိုးအစား Tractor Head မော်တော်ယာဉ်(၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)၊ စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၆၄,၈၉၈,၅၆၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ အောက်တိုဘာ ၂၂ ရက်တွင် ရခိုင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့က သတင်းအရ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မောင်တောမြို့၊ မောင်နီရွာ အနောက်တောင်ဘက် ချောင်ပေါက်ဝငယ်တစ်ခု အရောက်၌ ဒီရေရောက်တောများအတွင်း ဖုံးကွယ်ကမ်းထိုးထားသည့် သစ်သားကိုယ်ထည် လောင်းလှေငယ် (၁)စီးပေါ်မှ အင်ဂျင်ဝိုင်ပုံး အဟောင်းများအတွင်း အမဲရောင် ပလတ်စတစ်အိတ်ငယ်များဖြင့် ထုတ်ပိုးထားသော တရားမဝင် ရွှေထည်လက်ဝတ် ရတနာများ ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၆,၈၀၀,၀၀၀ ကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ်(၄၁ ဒသမ ၂၅၂)တန် ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၆၁၃,၁၆၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍  အောက်တိုဘာ  ၂၀ ရက်၊ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၆)မှု၊  ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၆,၅၀၃,၉၄၄ ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်