နေပြည်တော် အောက်တိုဘာ ၂၃
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ရုံးတွင် အဆောက်အဦ ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနနှင့် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဆောင်ရွက်ရန် ကျန်လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရမည့် နည်းလမ်းများကို အသေးစိတ်မှာကြားသည်။

ဆက်လက်၍ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အင်ဂျင်နီယာချုပ်များက ဝန်ထမ်းရေးရာ တင်ပြချက်များအပေါ် ဖြေရှင်းဆောင်ရွက်ပေးပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့ရှိ ရွှေမင်းဂံ နိုင်ငံ့ဝန်ထမ်းအိမ်ရာ စခန်းကိုလည်းကောင်း၊ ဘုမေအိမ်ရာစခန်း၌ အန္တရာယ်ရှိသော အဆောက်အဦ ခြောက်ခန်းတွဲ လေးထပ် သံကူကွန်ကရစ် အမျိုးအစား နှစ်လုံးကိုလည်းကောင်း သွားရောက်စစ်ဆေးပြီး ဒုတိယဝန်ကြီးက အဆောက်အဦ သက်တမ်းကာလ ဒေသန္တရရာသီဥတု အခြေအနေနှင့် ဆားအငံဓာတ်ပါဝင်သည့် ရေများသုံးစွဲမှုကြောင့် နောက်ဆက်တွဲဆိုးကျိုးများကို ထည့်သွင်း စဉ်းစားရန် နေထိုင်သူများအန္တရာယ် ကင်းစွာနေထိုင်နိုင်ရေးအတွက် ခေတ်စနစ်နှင့် လျော်ညီသော ခေတ်မီဒီဇိုင်းဖြင့် အစားထိုးတည်ဆောက်နိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ် လမ်းဦးစီးဌာန ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ရမည့် စစ်တွေ-ပလ္လင်ပြင်လမ်း ဆောင်ရွက်နေမှုကို ညွှန်ကြားရေးမှူး (မြို့ပြ) ဦးထွန်းလင်းမော် က ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်