နေပြည်တော် အောက်တိုဘာ ၂၃
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် တိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက လှိုင်သာယာစက်မှုဇုန်ရှိ Fame Pharmaceuticals စက်ရုံသို့ ရောက်ရှိပြီး ကုန်ကြမ်း သိုလှောင်ခန်း၊ အရည်အသွေး ထိန်းချုပ်ခန်း၊ ဓာတ်ခွဲခန်းနှင့် ဆေးဝါးများ ထုတ်လုပ်နေမှု အခြေအနေများကိုကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံမန်နေဂျင်းဒါရိုက်တာ ဒေါက်တာခင်မောင်လွင်၊ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ တိုင်းပြည်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ လိုအပ်သည့် ကုန်ကြမ်းများကို ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် နိုင်ငံခြားငွေ သုံးစွဲမှုကို လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ တိုင်းရင်းဆေးဝါးများသည် ပြည်သူလူထုကျန်းမာရေး စောင့်ရှောက်မှုတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်သည့်အတွက် တိုင်းရင်းဆေးဝါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် အရေးကြီးကြောင်း၊ အရည်အသွေး ပြည့်မီသည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ကုန်ကြမ်းပစ္စည်း အရည်အသွေးသည် အထူးအရေးကြီးကြောင်း၊ နိုင်ငံတကာသို့ ထုတ်ကုန်များ တင်ပို့ရာတွင် အရည်အသွေးပိုင်း အထူးကြီးကြပ် ဆောင်ရွက်သွားရန်လိုကြောင်း။
နိုင်ငံတကာအဆင့်မီ ဆေးဝါးကုန်ပစ္စည်းများ တင်ပို့ရောင်းချနိုင်ရန် သုတေသနနှင့် ဖွံ့ဖြိုးမှုအပိုင်းသည်အထူး အရေးကြီးကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အရည်အသွေးအပိုင်းကို တိတိကျကျစစ်ဆေးပြီး ဆေးဝါးလိုင်စင်များကို အချိန်နှင့်တစ်ပြေးညီ စိစစ်ထုတ်ပေးလျက်ရှိကြောင်း၊ လိုအပ်သည့် နည်းပညာနှင့် သုတေသနလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မင်္ဂလာဒုံမြို့နယ် စက်မှုဇုန်ရှိ စကြာမင်းတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးသို့ ရောက်ရှိပြီး စက်ရုံအတွင်းကြည့်ရှုစစ်ဆေးကာ စကြာမင်း ကုမ္ပဏီလီမိတက် မန်နေဂျင်း ဒါရိုက်တာ ဦးမြင့်ဝေ၊ စက်ရုံတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က နိုင်ငံတော်အနေဖြင့် တိုင်းရင်းဆေးကဏ္ဍကို စဉ်ဆက်မပြတ် အားပေးလျက်ရှိပြီး အလုပ်သင်တိုင်းရင်းဆေး ဆရာများ၏ ချီးမြှင့်ငွေကိုလည်း တိုးမြှင့်ပေးထားကြောင်း၊ ထုတ်လုပ်ရောင်းချမှု အဆင့်တိုင်းတွင် သိပ္ပံနည်းကျ သုတေသနများ ပြုလုပ်သွားရန်လိုအပ်ပြီး ရရှိလာသည့် သုတေသနရလဒ်များပေါ် မူတည်၍ ထုတ်ကုန်များကို အဆင့်မြှင့်သွားရမည်ဖြစ်ကြောင်း၊ Evidence based, Document based ဖြစ်ရန် လိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ဒဂုံမြို့နယ် ကျန်စစ်သားစက်မှုဇုန် (၂) ရှိ ဦးသာရင် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးသို့ရောက်ရှိပြီး စက်ရုံအတွင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်