မန္တလေး အောက်တိုဘာ ၂၃

 

မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် ကျောက်ဆည်မြို့ ဆင်လှူပွဲတော် ဆင်အကအလှပြိုင်ပွဲ အခမ်းအနားကို ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင်ခြေတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ဆင် (၆၇) စီးနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့၊ တာဝန်ရှိသူများက ပြိုင်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ ပြိုင်ပွဲဝင် ဆင်အဖွဲ့များက အောင်စေပိုင်စေ ဂုဏ်ပြုသီချင်းဖြင့် ကပြတင်ဆက်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြိုင်ပွဲဝင်ဆင် (၆၇) စီးအတွက် ချီးမြှင့်ငွေကျပ် (၆၇) သိန်း၊ အမှတ်ပေးနှင့် အကဲဖြတ်ဒိုင်အဖွဲ့ (၄) ဖွဲ့အတွက် ချီးမြှင့်ငွေကျပ် (၄) သိန်းနှင့် ဆိုင်းအဖွဲ့ချီးမြှင့် ငွေကျပ် (၁) သိန်းတို့ကို ဂုဏ်ပြုချီးမြှင့်၍ ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 

ယင်းနောက် ဆင်အဖွဲ့များက မြန်မာပြည်သား သီချင်းဖြင့် ကပြနှုတ်ဆက်ကြပြီး မြို့မိမြို့ဖများက အမှတ်တရ ဆင်ရုပ်လက်ဆောင်များကို ပေးအပ်ကြကာ ဆင်အကအလှစွမ်းရည်ပြ ဖျော်ဖြေမှုနှင့် ပြိုင်ပွဲဝင်ဆင်အဖွဲ့များ၏ ယှဉ်ပြိုင်နေမှုများကို တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြိုန့ယ် အကြားရှိ မဟာရွှေသိမ်တော်မြတ်စွာဘုရားသို့ သွားရောက်ဖူးမြော် ကြည်ညိုကာ ပန်း၊ ရေချမ်းနှင့် ရွှေသင်္ကန်းများ ဆက်ကပ်၍ ဂေါပကအဖွဲ့ထံ အလှူငွေများ လှူဒါန်းပြီး ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့အစည်းဝင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

mdn

 

ဆက်လက်၍ ဆင်အကအလှပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ညပိုင်းတွင် ဆက်လက်ကျင်းပရာ ရိုးရာဆင်ပထမဆုရ မြင်စိုင်း ဇာနည်ဆင်အဖွဲ့ကို ငွေကျပ်သိန်း (၅၀)၊ ဒုတိယဆုရ မင်းမင်းနိုင် ဆင်အဖွဲ့ကို ငွေကျပ်သိန်း (၃၀)၊ တတိယဆုရ ပိတောက်မြိုင် ဆင်အဖွဲ့ကို ငွေကျပ်သိန်း (၂၀)၊ နှစ်သိမ့်ဆုများရရှိသည့် မျိုးမဟာ (ပြည်အားမာန်) ဆင်အဖွဲ့၊ မြင်စိုင်းရာဇာဆင်အဖွဲ့၊ ဇာနည်ဘွား ဆင်အဖွဲ့တို့ကို ငွေကျပ် (၅) သိန်းစီ၊ ဘော်ကြယ်ဆင် ပထမဆုရ ဉာဏ်လင်းထက်ဆင်အဖွဲ့ကို ငွေကျပ်သိန်း (၄၀)၊ ဒုတိယဆုရ အများချစ်တဲ့ သားခေတ် ဆင်အဖွဲ့ကို ငွေကျပ်သိန်း (၃၀)၊ တတိယဆုရ မိုးမင်းဆင်အဖွဲ့ကို ငွေကျပ်သိန်း (၂၀)၊ ကလေးဆင်ပထမဆုရ စိမ်းလန်းစိုပြေဘိုကေ ဆင်အဖွဲ့ကို ငွေကျပ်သိန်း (၃၀)၊ ဒုတိယဆုရ ခန့်မှူးပိုင် ဆင်အဖွဲ့ကို ငွေကျပ်သိန်း (၂၀)၊ တတိယဆုရ ဇွဲရတနာဆင်အဖွဲ့ကို ငွေကျပ် (၁၀) သိန်း၊ နှစ်သိမ့်ဆုရ မင်းကျန်စစ်ဆင်အဖွဲ့ကို ငွေကျပ် (၂) သိန်း၊ တီထွင်စမ်းသပ်မှု သဘာဝဆင် ပထမဆုရ ပဏ်ဆင်အဖွဲ့ကို ငွေကျပ်သိန်း (၂၀)၊ ဒုတိယဆုရ ဂရုဏာရှင်ဆင် အဖွဲ့ကို ငွေကျပ် (၁၅) သိန်း၊ ရိုးရာဂုဏ်ထူးဆောင်ဆင် (သက်ကြီးဆင်) ဇော်ဂျီမောင်ဆင်အဖွဲ့နှင့် နွဲ့ဆိုးဆင်အဖွဲ့တို့အတွက် ဂုဏ်ပြုဆုငွေကျပ် (၁၀) သိန်းစီ၊ မြို့မဆင်ဖြူတော်နှင့် မာဃဆင်ဖြူတော်တို့အတွက် ဂုဏ်ပြုဆု ငွေကျပ် (၅) သိန်းစီ၊ ဈေးပတ်ဆင် (၄၈) စီးအတွက် ငွေကျပ် (၉၆) သိန်း စုစုပေါင်းငွေကျပ် (၄၂၈) သိန်း ချီးမြှင့်ခဲ့သည်။

 

အဆိုပါဆင်လှူပွဲတော်၌ ဆင်ကပွဲနှင့် ဆင်အကအလှ ပြိုင်ပွဲများကို တစ်နေ့တည်း တစ်နေရာတည်း တစ်ချိန်တည်း ကျင်းပသည့်အတွက် ကြက်ပျံမကျ စည်ကားပြီး အတီးအမှုတ် အကအခုန်များနှင့် ပျော်ပျော်ပါးပါး ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်