
ရွှေတိဂုံစေတီတော် ဝတ္တုကံနယ်မြေအတွင်း အမျိုးသမီးအရုပ်(၂)ခုကို သိဒ္ဓိတင်နေသည့် ဗီဒီယိုကလစ်ဖိုင်များ ၂၂-၁၀-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် လူမှုကွန်ရက်မီဒီယာ (Facebook) တွင် ထုတ်လွှင့်မှုများ ထွက်ပေါ်လာခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ပြန်လည်စိစစ်ခဲ့ပါသည်။
စိစစ်ရရှိချက်အရ လူမှုကွန်ရက်ပေါ်မှ ဗီဒီယိုကလစ်ဖိုင်များကို “လောကဝိဇ္ဇာဓိုရ် မိန်းမလှ ဒေဝီအထက် ဂိုဏ်းချုပ်ကြီး” page တွင် စတင်ထုတ်လွှင့်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်း page account မှာ အမျိုးသမီးအရုပ် (၂) ရုပ်ကို သိဒ္ဓိတင်မှုပြုလုပ်သည့် ဦးရှိုင်းဇာနည်အောင်၏ page account ဖြစ်ကြောင်း သိရှိရပါသည်။
၂၂-၁၀-၂၀၂၂ ရက်နေ့၊ ၀၇: ၀၀ အချိန်ခန့်တွင် ဦးရှိုင်းဇာနည်အောင် အပါအဝင် လူ (၈) ဦးခန့်သည် 6M/6648 (Alphard) အမည်းရောင်ကားဖြင့် ရွှေတိဂုံစေတီတော် တောင်ဘက်ကားဝင်းသို့ အရုပ်ကြီး (၂)ခု၊ စဉ့်သူရဿတီမယ်တော်ရုပ်တုငယ် (၇" ခန့်အမြင့်) အပါအဝင်တို့ဖြင့် ရောက်ရှိလာခဲ့ကြောင်း၊ လုံခြုံရေးတာဝန်ရှိသူများက အရုပ်ကြီး(၂)ခုကို ရွှေတိဂုံစေတီတော် ရင်ပြင်တော်သို့ တင်ခွင့်မပြုသောကြောင့် တောင်ဘက်ကားကွင်းတွင် ထားရှိခဲ့ပြီး ဦးရှိုင်းဇာနည်အောင်နှင့်အဖွဲ့သည် ရင်ပြင်တော်ပေါ်သို့ တောင်ဘက်ဓာတ်လှေကားဖြင့် တက်ရောက်ခဲ့ကြောင်း၊ ၎င်းတို့အဖွဲ့သည် စဉ့်သူရဿတီမယ်တော်ရုပ်တုကို သယ်ဆောင်၍ ရွှေတိဂုံစေတီတော်ကို လက်ယာရစ်ပတ်ပြီး စနေထောင့်ရှိ သူရဿတီရုပ်ရှေ့တွင် စဉ့်သူရဿတီရုပ်တုနှင့် ကန်တော့ပွဲများချ၍ သိဒ္ဓိတင်မှုပြုလုပ်ခဲ့ပြီး တောင်ဘက်စောင်းတန်းမှ ပြန်လည်ဆင်းသွားခဲ့ကြကြောင်း၊ ၎င်းနောက် တောင်ဘက်ကားကွင်းရှိ ကျောက်စာတိုင်အနီးတွင် အရုပ်ကြီး(၂)ခုကို သိဒ္ဓိတင်မှုပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။

ယင်းသို့ ပြုလုပ်နေစဉ် ရွှေတိဂုံစေတီတော်လုံခြုံရေးအဖွဲ့က ခေါ်ယူမေးမြန်းပြီး ဖယ်ရှားရှင်းလင်းမှုပြုလုပ်ခဲ့ရပါသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အမျိုးသမီးအရုပ် (၂) ခုကို သိဒ္ဓိတင်မှုပြုလုပ်သည့် ဦးရှိုင်းဇာနည်အောင်နှင့်အဖွဲ့ကို သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနက သာသနာတော်ညှိုးနွမ်းစေမှုဖြင့် တရားစွဲဆိုအရေးယူသွားမည် ဖြစ်ပါကြောင်းနှင့် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကို တင်ပြခြင်းမရှိဘဲ မိမိသဘောဖြင့် ခွင့်ပြုပေးခဲ့သော တာဝန်ရှိသူ ဝန်ထမ်းကိုလည်း ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်း၍ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
