နယူးဒေလီ အောက်တိုဘာ ၂၄

 

အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီ၏ လေထုအရည်အသွေးသည် ဆောင်းရာသီ ဝင်လာသည်နှင့်အမျှ ဆိုးရွားသောအဆင့်သို့ ရောက်ရှိလာကြောင်း အောက်တိုဘာ ၂၃ ရက်က လေထုအရည်အသွေး၊ မိုးလေဝသ ခန့်မှန်းချက်နှင့် သုတေသနစနစ်က ဖော်ပြသော အချက်အလက်အရ သိရသည်။

 

မြို့တော်နယူးဒေလီနှင့် အနီးတစ်ဝိုက်ရှိ ဒေသအချို့၏ လေထုအရည်အသွေးသည် အလွန်ဆိုးရွားသော လေထုအဆင့်ရှိကြောင်း အဆိုပါအချက်အလက်တွင် ဖော်ပြထားသည်။ ထို့ပြင် အောက်တိုဘာ ၂၄ ရက်တွင် ကျင်းပမည့် ဒီပါဝလီပွဲတော်မတိုင်မီအထိ နယူးဒေလီမြို့၏ လေထုအရည်အသွေးမှာ ဆိုးရွားသောအဆင့်တွင် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

 

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း မြို့တော်နယူးဒေလီနှင့် အနီးတစ်ဝိုက်တွင် မီးခိုးမြူများ ထူထပ် သိပ်သည်းနေကြောင်းနှင့် လေထုညစ်ညမ်းမှုအမြင့်ဆုံးအဆင့်ကို မြို့တော်နယူးဒေလီတွင် ဆောင်းရာသီဖြစ်သည့် အောက်တိုဘာလမှ ဖေဖော်ဝါရီလအတွင်း မြင်တွေ့ရကြောင်း သိရသည်။

 

ဆောက်လုပ်ရေးလုပ်ငန်းနှင့် ဖြိုဖျက်ခြင်းလုပ်ငန်းများ၊ ဟာယာနာနှင့် ပန်ဂျပ်ပြည်နယ်များရှိ တောင်သူလယ်သမားများ အမှိုက်မီးရှို့ခြင်းနှင့် မော်တော်ယာဉ်များမှထွက်သော မီးခိုးများက မြို့တော်နယူးဒေလီ လေထုညစ်ညမ်းရခြင်းအတွက် မကြာခဏ ကိုးကားရသော အကြောင်းအရင်း အချို့ဖြစ်ကြောင်း သိရသည်။

 

ဆင်ဟွာ