ဗီယင်နာ အောက်တိုဘာ ၂၄

 

အားဖြည့်အချိုရည်ဖြစ်သည့် ကျွဲရိုင်းအမှတ်တံဆိပ် အချိုရည်ကို တစ်ကမ္ဘာလုံးသိအောင် လုပ်ဆောင်ခဲ့သူ ဒီထရစ် မက်တက်စ် ချစ်ဇ် သည် အောက်တိုဘာ ၂၂ ရက်တွင် အသက် ၇၈ နှစ်၌ ကွယ်လွန်သွားပြီဟု ကုမ္ပဏီကပြောသည်။ ၎င်းသည် ဖော်မြူလာဝမ်း အားကစားပြိုင်ပွဲနှင့် အားကစားအင်ပါယာကို ပုံဖော်ခဲ့သူလည်းဖြစ်သည်။ ဩစတြေးလျ ဘီလီယံနာတစ်ဦးဖြစ်သည့် ဒီထရစ် သေဆုံးသွားမှုအတွက် ကျွဲရိုင်းအချိုရည်ကုမ္ပဏီမှ ဝမ်းနည်းကြောင်းနှင့် ၎င်းလုပ်ဆောင်ခဲ့သည့် အရာများအတွက် ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

 

၎င်းမှာ အင်တာဗျူးများ ဖြေကြားလေ့မရှိဘဲ အာရှတွင် နာမည်ကြီးပြီးသားဖြစ်သည့် အချိုရည်ကို အနောက်နိုင်ငံ ဈေးကွက်တွင် အောင်မြင်မှု ကြီးကြီးမားမားရအောင် လုပ်ဆောင်ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ၎င်းကို ဩစတြီးယားနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ဖော့ဘ်မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။

 

၎င်း၏ကြွယ်ဝချမ်းသာမှုမှာ ခန့်မှန်းခြေအားဖြင့် ၂၇ ဒသမ ၄ ဘီလီယံ ရှိသည်။ ၎င်း၏ ထုတ်ကုန်ပစ္စည်းကို တစ်ကမ္ဘာလုံးအနှံ့ သိစေရန်အတွက် အားကစားတွင်လည်း ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သည်။ ဖော်မြူလာဝမ်းပြိုင်ပွဲတွင် ပါဝင်ခြင်းအပြင် ကျွဲရိုင်းကုမ္ပဏီသည် ၂၀၀၅ ခုနှစ်တွင် ဩစတြီးယားနိုင်ငံ ဆဲလ်ဘာ့ဂျ်မြို့မှ ဘောလုံးကလပ်နှင့် ဂျာမနီမှ လိုက်ပ်ဇစ်အသင်းတို့ကို ဝယ်ယူခဲ့သည်။

 

ကလပ်အသင်း နှစ်သင်းစလုံးမှာ ကျွဲရိုင်းကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုကြောင့် ဆုတံဆိပ်ပေါင်းများစွာကို ရရှိခဲ့သည်။ ထို့ပြင်အခြားသော အားကစားနည်းများတွင်လည်း ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

 

အေအက်ဖ်ပီ