ဗစ်တာ(ကေတုမတီ)
၁၉၆၇ ခုနှစ်တွင် Bangkok Declaration ဖြင့် စတင်တည်ထောင်ခဲ့ကြသည့် အာဆီယံအဖွဲ့ကြီးသည် ယနေ့အခါတွင် နှစ်ပေါင်း ၅၅ နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။ စတင်ဖွဲ့စည်းစဉ်က အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သာ ပါဝင်ခဲ့ပါသည်။ အမျိုးမျိုးသော နိုင်ငံရေး၊ လုံခြုံရေးဆိုင်ရာ စဉ်းစားမှုများ၊ နိုင်ငံများ၏ အတွင်းအပြင် ပတ်ဝန်းကျင် အခြေအနေများကို ထည့်သွင်းစဉ်းစားခဲ့ကြသော်လည်း မူလပထမကြေညာချက် ထွက်ပေါ် လာသည့်အခါတွင် စီးပွားရေးဆိုင်ရာအခြေခံများသာ ပါဝင်ခဲ့ပါသည်။ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွင် တိတိကျကျ ဖော်ညွှန်းခဲ့ခြင်းမရှိပါ။ အဘယ်ကြောင့်ဆိုသော် ထိုစဉ်က အာဆီယံ ခေါင်းဆောင်များသည် အင်ဒိုချိုင်းနားကျွန်းဆွယ်တွင် ဖြစ်ပေါ်နေသည့် ကွန်မြူနစ်ဝါဒကို ဆန့်ကျင်သော စစ်ရေးမဟာမိတ် အဖွဲ့အစည်းသဘော မသက်ရောက်စေရေး သတိထား ရှောင်ရှားလိုသည့်အတွက်ဖြစ်ကြောင်း တွေ့မြင်ရပါသည်။ ထို့အပြင် စတင်တည်ထောင်ချိန်က အဓိက ရည်မှန်းချက်သုံးရပ်အနက် “အင်အားကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှု၊ ကြီးစိုးမှုများ ဒေသတွင်း စိမ့်ဝင်ပျံ့နှံ့မလာစေရေးအတွက် ဒေသတွင်း နိုင်ငံရေးနှင့် စီးပွားရေးတည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်ရန်”ဟူသော အချက်တစ်ချက် ပါဝင်ခဲ့ပါသည်။
၁၉၉၅ ခုနှစ်တွင် ဗီယက်နမ်ကဲ့သို့ ကွန်မြူနစ်နိုင်ငံအား အဖွဲ့ဝင်အဖြစ် လက်ခံခဲ့စဉ်ကလည်း နယ်ချဲ့လက်သစ်နိုင်ငံများက နည်းအမျိုးမျိုးဖြင့် ကန့်ကွက်ခဲ့ကြပါသည်။ သို့သော်လည်း အရှေ့တောင်အာရှ နိုင်ငံများ၏အရေးကို ဒေသတွင်းနိုင်ငံများကသာ ဆုံးဖြတ်ခဲ့ကြပါသည်။ ထို့အတူ မြန်မာနိုင်ငံဝင်ရောက်မည့် ကိစ္စတွင်လည်း နယ်ချဲ့လက်သစ်များသည် “လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး”ဟူသော စကားလုံးလှလှများဖြင့် ဝိုင်းဝန်း ကန့်ကွက်ခဲ့ကြပါသည်။ သို့သော်လည်း အာဆီယံမိတ်ဆွေကောင်းများက ၎င်းကန့်ကွက်မှုများကို ပယ်ချခဲ့ကြပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့လက်ထက် မြန်မာနိုင်ငံအား အာဆီယံအဖွဲ့ဝင်ဖြစ်လာရေး လိုလိုလားလားပင် ဝိုင်းဝန်းကူညီဖေးမခဲ့ကြပါသည်။ ၁၉၉၄ ခုနှစ် တွင်လည်း စင်ကာပူဝန်ကြီးချုပ် ဂိုချောက်တောင်နှင့် ဗီယက်နမ်ဝန်ကြီးချုပ် ဗိုဗန်ကီယက်တို့သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ခဲ့ကြပြီး အာဆီယံနှင့် ဆက်ဆံရေးကို တိုးမြှင့်ပေးနိုင်ခဲ့ပါသည်။ ထို့အတူ နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည်လည်း ၁၉၉၅ ခုနှစ်တွင် ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် စင်ကာပူနိုင်ငံများသို့လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးအုန်းဂျော်သည် အိမ်ရှင်ထိုင်းနိုင်ငံ၏ ဖိတ်ကြားချက်အရ (၂၇) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားတို့ လေ့လာသူအဖြစ် ပါဝင်တက်ရောက်ခဲ့ကြပါသည်) သို့လည်းကောင်း တက်ရောက်ခဲ့ကြပါသည်။ ထို့အပြင် ၁၉၉၄ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် အာဆီယံဒေသဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ (ARF) သို့လည်း မြန်မာနှင့် ကမ္ဘောဒီးယားတို့က လေ့လာသူအဖြစ် တက်ရောက်ခဲ့ပါသည်။
အာဆီယံထိပ်သီးအစည်းအဝေးသို့ ပထမဆုံးအကြိမ်တက်ရောက်ခြင်း
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီးသန်းရွှေသည် ၁၉၉၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ဗန်ကောက်မြို့၌ ပြုလုပ်ခဲ့သည့် အရှေ့တောင်အာရှနိုင်ငံများ ထိပ်သီးတွေ့ဆုံပွဲသို့ ကိုယ်တိုင်တက်ရောက်ကာ သမိုင်းဝင်မိန့်ခွန်းတစ်ရပ်ကို ပြောကြားခဲ့ပါသည်။ မိန့်ခွန်းတွင် “အရှေ့တောင်အာရှဒေသမှာ အစိတ်အပိုင်းနှစ်ခု ဖြစ်နေတာမျိုး မလိုလားပါဘူး၊ ကျွန်တော်တို့ အားလုံးစည်းလုံးညီညွတ်စွာ အတူတကွ ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုရင် ကျွန်တော်တို့ဒေသဟာ ကမ္ဘာ့အလယ်မှာ ထူးခြားပြောင်မြောက်စွာ ပါဝင်ရပ်တည်နိုင်မယ်လို့ မြန်မာနိုင်ငံကခံယူပါတယ်”၊ “စစ်မှန်တဲ့ စည်းလုံးညီညွတ်တဲ့ အရှေ့တောင်အာရှ ဖြစ်ပေါ်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်တဲ့ နေရာမှာ အခြားတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုမှုဆိုတဲ့ မူကြီးများနဲ့ အညီဖြစ်ဖို့ လိုအပ်ပါတယ်”ဟု ပြောကြားခဲ့ပါသည်။ အဆိုပါမိန့်ခွန်းကို ထိုင်းနိုင်ငံ၏ The Nation သတင်းစာတွင် ဖော်ပြခဲ့ကြောင်းတွေ့ရပြီး မြန်မာနိုင်ငံ၏ ရပ်တည်ချက်သာမက အာဆီယံ၏ရပ်တည်ချက်အဖြစ်ပါ ဖော်ပြနိုင်ခဲ့ပါသည်။ ထို့အပြင် “အရှေ့တောင်အာရှနိုင်ငံများအကြား တစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ဝင်ရောက် စွက်ဖက်ခြင်းမပြုရန်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရန် အရေးကြီးကြောင်း” အာဆီယံခေါင်းဆောင်များက ပြောကြားခဲ့ကြပါသည်။ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်ကလည်း “အာဆီယံနိုင်ငံများ၏ စီးပွားရေးအင်အား ခိုင်မာတောင့်တင်းလာခြင်းသည် ပြည်ပနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှုကို ဟန့်တားလာနိုင်စွမ်းရှိပြီဖြစ်ကြောင်း၊ ရည်မှန်းချက် ပြည့်မြောက်ရေးအတွက် စည်းလုံးညီညွတ်ရန်လိုကြောင်း” ပြောကြားခဲ့ပြီး အာဆီယံ၏ ရပ်တည်ချက်ကို ဖော်ပြခဲ့ကြပါသည်။
ထို့နောက် ၁၉၉၆ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့ တွင် အာဆီယံအတွင်းရေးမှူးချုပ် ဒါတိုအာဂျစ်ဆင်းသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး အာဆီယံအဖွဲ့ဝင်ဖြစ်ရေး မြန်မာနိုင်ငံ၏ ပြင်ဆင်မှုများကို ကြည့်ရှုရန်နှင့် လိုအပ်သော အကူအညီပေးနိုင်ရန်အတွက် လေ့လာခဲ့ပါသည်။ ထိုသို့လာရောက်ချိန်တွင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို တွေ့မြင်ခဲ့ရပါသည်။ နိုဝင်ဘာလ ၃၀ ရက် နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ပြုလုပ်သည့် အာဆီယံထိပ်သီးတွေ့ဆုံပွဲ၌ ကမ္ဘော ဒီးယား၊ မြန်မာနှင့် လာအိုတို့အား အာဆီယံအဖွဲ့သို့ တစ်ပြိုင်တည်းဝင်ရောက်ရန် ခွင့်ပြုခဲ့ပါသည်။ ထို့နောက် သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် မလေးရှားဝန်ကြီးချုပ် မဟာသီယာက “အာဆီယံ က မြန်မာနိုင်ငံနှင့် အပြုသဘောဆောင်သည့် ဆက်ဆံရေးထားရှိခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများနှင့်ဆက်ဆံမှု ကျယ်ပြန့်လာစေရန် အထောက်အကူပြုကြောင်း၊ အပြုသဘောဆောင်သည့် ဆက်ဆံရေးသည် မြန်မာနိုင်ငံအဖို့ အကျိုးသက်ရောက်မှုမရှိဟု ပြောကြားမည်ဆိုလျှင် ပြောကြားသူတိုင်းသည် ဖြစ်ရပ်မှန်ကို မမြင်ကြသူများသာဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့ပါသည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ (၂၀၂၃)
လာမည့် ၂၀၂၃ ခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌနိုင်ငံမှာ အင်ဒိုနီးရှားနိုင်ငံဖြစ်ပါသည်။ အာဆီယံအတွင်းရေးမှူးချုပ်ရုံး တည်ရှိရာ နိုင်ငံဖြစ်ပြီး အာဆီယံ၏အရေးကိစ္စများတွင်လည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေသည့် နိုင်ငံဖြစ်ပါသည်။ အာဆီယံအဖွဲ့သို့ မြန်မာနိုင်ငံ စတင်ဝင်ရောက်ခဲ့စဉ်ကလည်း လိုလိုလားလား ကြိုဆိုခဲ့သလို သမိုင်းတွင်လည်း မြန်မာနိုင်ငံနှင့်ဆက်ဆံရေးကောင်းများ ရှိထားသည့်နိုင်ငံဖြစ်ပါသည်။ အင်ဒိုနီးရှားသမ္မတ ဆူဟာတို၏ ဖိတ်ကြားချက်အရ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌ၏ အင်ဒိုနီးရှားခရီးစဉ်အတွင်း ၁၉၉၅ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ပြုလုပ်ခဲ့သော ညစာစားပွဲ၌ အင်ဒိုနီးရှားသမ္မတ ဆူဟာတိုက ယခုလို ပြောကြား ခဲ့ပါသည်-
“အင်ဒိုနီးရှားနိုင်ငံအနေနဲ့ လွတ်လပ်ရေး ကြေညာခဲ့ပြီး အဲဒီလွတ်လပ်ရေးကို ခက်ခဲစွာ ထိန်းသိမ်းနေရတဲ့ အချိန်ကာလမှာ မြန်မာပြည်သူတွေဟာ အဖိုးမဖြတ်နိုင်တဲ့ အကူအညီတွေပေးခဲ့ကြပါတယ်။ အဲဒီအချိန်မှာ သက်တမ်း အင်မတန်နုနယ်သေးတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ မိမိရဲ့ရပ်တည်ဖြစ်ပေါ်မှုကို ခြိမ်းခြောက်လျက်ရှိတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်၊ ဒီလိုအရေးကြီးတဲ့နှစ်ကာလတွေမှာ မြန်မာခေါင်းဆောင်တွေက အင်ဒိုနီးရှားနိုင်ငံနဲ့ပတ်သက်တဲ့ ညီလာခံတစ်ရပ်ကို နယူးဒေလီမြို့မှာကျင်းပဖို့ အိန္ဒိယနိုင်ငံကို တိုက်တွန်းခဲ့ပါတယ်။ အဆိုပါညီလာခံဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ လွတ်လပ်ရေးကို နိုင်ငံတကာ အသိုင်းအဝိုင်းမှာ အသိအမှတ်ပြုလာဖို့ အခြေအနေဖြစ်ပေါ်စေခဲ့ပါ တယ်။ အဲဒီအချိန်က အင်ဒိုနီးရှားနိုင်ငံရဲ့ ကြိုးပမ်းလှုပ်ရှားမှုတွေကို ကမ္ဘာတစ်ဝန်းက သိရှိနိုင်ရေးအတွက် အသံထုတ်လွှင့်နိုင်ဖို့ ဆက်သွယ်ရေးစနစ်တစ်ရပ်ကိုလည်း မြန်မာနိုင်ငံမှာ တပ်ဆင်ခွင့်ပေးခဲ့ပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံရေးအတွက် ရန်ပုံငွေတွေရှာဖွေဖို့နဲ့ အင်ဒိုနီးရှား လွတ်မြောက်ရေး တိုက်ပွဲဝင်သူတွေအတွက် လက်နက်တွေ ထောက်ပံ့ဖို့ ဂါရုဒါ အင်ဒိုနီးရှားလေကြောင်းလိုင်းကို ပျံသန်းပြေးဆွဲဖို့လည်း မြန်မာနိုင်ငံက ခွင့်ပြုခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ အဆိုပါဖြစ်ရပ်တွေကို ဘယ်တော့မှမေ့နိုင်မှာမဟုတ်ပါဘူး။ အဆွေတော်ဥက္ကဋ္ဌကြီး အခုလို ကျွန်တော်တို့နဲ့ အတူတကွရှိနေချိန်မှာ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ပြန်ပြောင်းသတိရပြီး အထူးပဲကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်”
ထို့အပြင် အင်ဒိုနီးရှားနိုင်ငံသည် ၁၉၉၇ ခုနှစ် က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုပြုလုပ်ခဲ့သည့် အမေရိကန်၏ လုပ်ရပ်အပေါ်တွင်လည်း ကန့်ကွက်ခဲ့ပါသည်။ “မြန်မာအရေးကိစ္စမျိုးမှာ ပိတ်ပင်မှုတွေဟာ ဆီလျော်လိမ့်မယ်၊ အလုပ်ဖြစ် လိမ့်မယ်လို့ ကျွန်တော်တို့ အာဆီယံက မယုံကြည်ပါဘူး”ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး အလာတပ်စ်က ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံအဖွဲ့အတွင်း ထိုက်သင့်သည့် ခေါင်းဆောင်မှုမျိုးပေးနိုင်ခဲ့သလို အာဆီယံအဖွဲ့ကို ပြင်ပသွေးထိုးမှုရန်များမှလည်း ကာကွယ်ပေးနိုင်ခဲ့ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံနှင့် အပြန်အလှန် ကျေးဇူးတရားများရှိခဲ့သော အင်ဒိုနီးရှားအနေဖြင့် လာမည့်အလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ချိန်တွင်လည်း အာဆီယံအဖွဲ့ကြီး၏ အကျိုးအတွက် မားမားမတ်မတ် ရပ်တည်ဆောင်ရွက်နိုင်လိမ့်မည် ဟု ယုံကြည်မိပါသည်။
အာဆီယံ၏ ပူးပေါင်းဆောင်ရွက်မှုပုံစံများ
အာဆီယံသည် စတင်ဖွဲ့စည်းတည်ထောင်ချိန်မှစ၍ စည်းစည်းလုံးလုံး ရပ်တည်ခဲ့ကြပါသည်။ မူလ အဖွဲ့ဝင် ငါးနိုင်ငံအကြား ပဋိပက္ခများရှိခဲ့ကြသော်လည်း မည်မျှပင် တင်းမာမှုများ မြင့်တက်နေခဲ့ကြပါစေ နောက်ဆုံးတွင် ဆွေးနွေးပွဲများမှတစ်ဆင့် စေ့စပ်ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ကြပါသည်။ ဥပမာ- မလေးရှားနှင့် အင်ဒိုနီးရှားတို့ ဖြစ်ပွားခဲ့သော Konfrantasi ကိစ္စ၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့ ဆာဘားတွင် ဖြစ်ပွားခဲ့သောကိစ္စ၊ မလေးရှားနိုင်ငံမှ စင်ကာပူအား ခွဲထုတ်ပစ်ခဲ့ရသော ကိစ္စတို့ဖြစ်ကြပါသည်။ အာဆီယံအနေဖြင့် ဘုံအကျပ်အတည်းအဖြစ် ရင်ဆိုင်ခဲ့ရသော အကြီးဆုံးကိစ္စမှာ ကွန်မြူနစ်ဝါဒပြန့်ပွားလာမှုပင်ဖြစ်ပြီး စိုးရိမ်ခဲ့ကြသော အခြားကိစ္စမှာ နိုင်ငံကြီးများအတွက် ကိုယ်စားပြု စစ်ပွဲ (Proxy Wars) ဖြစ်ပါသည်။
အာဆီယံ၌ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရာတွင် တွေ့ဆုံဆွေးနွေးမှုနှင့် ညှိနှိုင်းမှုများအား ဘုံသဘောတူညီချက် (Consensus) ရရှိသည်အထိ ဆောင်ရွက်လေ့ရှိပြီး အချေအတင်ပြောဆိုဆွေးနွေးရမည့် ကိစ္စများကို ဘေးဖယ်ထားလေ့ ရှိပါသည်။ အဖွဲ့၏စည်းလုံးမှုကို ထိခိုက်လာနိုင်သောကိစ္စရပ်များအား ရှောင်ရှားဆောင်ရွက်သကဲ့သို့ သဘောတူရန် ခက်ခဲသည့် ကိစ္စမျိုးတွင် ရပ်တည်မှုအရ သဘောမတူသော်လည်း ထောက်ခံအားပေးမှုပြုခြင်းများကို တွေ့မြင်ရပါသည်။ အာဆီယံ၏ Multilateralism သည် အလွတ်သဘောကို ပိုမိုဦးစားပေးခြင်းဖြစ်ပြီး အဖွဲ့အစည်းအတွက် စည်းလုံးမှု ပျက်ပြားစေနိုင်မည့် အပိုဖြစ်လာနိုင်သော ကိစ္စရပ်များကို ရှောင်ရှားဆောင်ရွက်လေ့ရှိပါသည်။ အာဆီယံ အစည်းအဝေးများမှ အမြင်ချင်းဖလှယ်မှုများကို လေ့လာပါကလည်း Degree of Transparency၊ Commitmentများကို တရားဝင် ဖြစ်အောင် ထည့်သွင်းခြင်းမပြုသည်ကို တွေ့ရပါသည်။ အထူးသဖြင့် လုံခြုံရေးနှင့် နိုင်ငံရေးကိစ္စရပ်များတွင် ဆုံးဖြတ်ချက် ချနိုင်လောက်သည့်အချက်မျိုး ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာလေ့မရှိပါ။ Informality ကို အခြေခံ၍ နိုင်ငံစုံဆက်ဆံရေး လုပ်ငန်းစဉ်များ တိုးတက်လာအောင် လုပ်ဆောင်ခြင်းဖြစ်သည့်အတွက် အာဆီယံကို မူဝါဒဆိုင်ရာများနှင့်ပတ်သက်၍ ခိုင်ခိုင်မာမာနှင့် ဆောင်ရွက်နေသည့် အဖွဲ့အစည်းအဖြစ် တွေ့မြင်ရလိမ့်မည်မဟုတ်ပါ။ ပူးပေါင်းဆောင်ရွက် မှုပုံစံများဖြင့် ရလဒ်ကောင်းများ ထွက်ပေါ် လာရေး ဆောင်ရွက်မှုများကို တွေ့ရမည်ဖြစ်ပါသည်။
အာဆီယံ၏ ပူးပေါင်းဆောင်ရွက်ရေး အခြေခံ သဘောတရားများကို လေ့လာမည်ဆိုပါက အချက် ၅ ချက်ကို တွေ့မြင်နိုင်ပါသည်။ ပထမအချက်မှာ နိုင်ငံများတန်းတူညီမျှမှုရှိခြင်း (ဥပမာ- အလှည့်ကျ အိမ်ရှင်ပြုလုပ်ခြင်း)၊ ဒုတိယအချက်မှာ ဒေသ ဆိုင်ရာ အခြေခံသဘောတရားများကို ပါဝင်လာစေ ရန် ဆောင်ရွက်ထားခြင်း (ဥပမာ-ARF နှင့် ADMM Plus)၊ တတိယအချက်အနေဖြင့် အာဆီယံသည် အခြားနိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်း၊ နှောင့်ယှက်ခြင်းကို ရှောင်ရှားလေ့ရှိခြင်း၊ အစိုးရစနစ်မတူသော်လည်း အချင်းချင်းထောက်ပံ့သည့် ပုံစံမျိုး ကျင့်သုံးခြင်းဖြစ်ပါသည်။ ဥပမာ အားဖြင့် အာဆီယံသို့ မြန်မာနိုင်ငံ ဝင်ရောက်စဉ်က အီးယူမှ အပြင်းအထန် ကန့်ကွက်ဖိအားပေးခဲ့သော်လည်း အဖွဲ့ဝင်အဖြစ် လက်ခံခဲ့ကြပါသည်။ စတုတ္ထအချက်မှာ နိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေအပေါ် လေးစားမှုကိုအခြေခံခြင်း ဖြစ်ပါသည်။ အာဆီယံသည် Supra-governmental institution မဟုတ်ပါ။ ထိုကဲ့သို့မဖြစ်ရေးလည်း အဖွဲ့ဝင်နိုင်ငံများက အလေးထား ဆောင်ရွက်နေသည်ကို တွေ့မြင်နိုင်ပါသည်။ ပဉ္စမအချက်အနေဖြင့် အာဆီယံသည် အရှေ့တောင်အာရှနိုင်ငံများ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုစာချုပ် (TAC) တွင် ဖော်ပြသဘောတူထားသည့်အတိုင်း ပဋိပက္ခများကို ဖြေရှင်းရာတွင် ငြိမ်းချမ်းစွာ ဖြေရှင်းရမည်ဟု ယုံကြည်ပါသည်။ အာဆီယံပဋိညာဉ် စာတမ်းတွင်လည်း လိုအပ်ပါက High Council ဖွဲ့စည်းနိုင်ကြောင်း ဖော်ပြပါရှိသော်လည်း ယနေ့ အချိန်အထိ ဖွဲ့စည်းဖြေရှင်းရသည့်ကိစ္စမျိုးမရှိခဲ့ပါ။ ထို့အပြင် အာဆီယံပဋိညာဉ်စာတမ်း၏ အခန်း (၁) အပိုဒ်(၂)(င)တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုမရှိခြင်းဟု ဖော်ပြထားသည်ကို တွေ့ရပါသည်။
မြန်မာ့ပြည်တွင်းနိုင်ငံရေးအခြေအနေနှင့်ပတ်သက်၍
၂၀၂၁ ခုနှစ်တွင် အကြမ်းဖက်ဆူပူမှုများ ပြင်းထန်ခဲ့သလို ပြည်သူပိုင်ပစ္စည်းများဖျက်ဆီးမှုနှင့် သတ်ဖြတ်မှုများလည်း များစွာရှိခဲ့ပါသည်။ သို့သော်လည်း ၂၀၂၂ ခုနှစ် ဧပြီလမှစ၍ လျော့ကျလာသည်ကို တွေ့မြင်ရပါသည်။ ထိန်းသိမ်းနိုင်သည့် အနေအထားဟု ဆိုရမည်ဖြစ်ပါသည်။ အဆိုပါ အကြမ်းဖက်မှုများ၏ နောက်ကွယ်တွင် ပြည်ပအဖွဲ့အစည်းနှင့် ပြည်တွင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့က လက်နက်ထောက်ပံ့နေခြင်းများလည်း ရှိပါသည်။ တပ်မတော်အနေဖြင့် စတင်တာဝန်ယူချိန်မှစ၍ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေးကိစ္စနှင့်ပတ်သက်၍ လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် ခြောက်ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသလို ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပရေး ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့ရပါသည်။ ထိုသို့ ဆွေးနွေးရာတွင်လည်း တပ်မတော်အနေဖြင့် နိုင်ငံရေးရည်မှန်းချက်နှစ်ခုကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပါသည်။ ပထမအချက်မှာ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ မလွဲမသွေ လျှောက်လှမ်းရေး၊ ဒုတိယအချက်မှာ ဒီမိုကရေစီ နှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေးတို့ ဖြစ်ပါသည်။ နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက် ခဲ့ရသကဲ့သို့ ဆူပူအကြမ်းဖက်မှုများကြောင့် စီးပွား ရေးကျဆင်းမှုဒဏ်များကို ခါးသီးစွာခံခဲ့ရပါသည်။ ထို့အပြင် ပြည်သူအားလုံးပါဝင်သည့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး အတွက်လည်း ကြိုးပမ်းနေသည်ကို တွေ့မြင်ရမည်ဖြစ်ပြီး မငြိမ်းချမ်းသည့် နယ်မြေများရှိ ပြည်သူများပါ မဲပေးနိုင်ရေးအတွက်လည်း ကြိုးပမ်းနေသည်ကို တွေ့မြင်ရပါသည်။ ပြည်သူများအနေဖြင့် လွတ်လွတ်လပ်လပ် မဲပေးပိုင်ခွင့်ရှိခြင်းသည် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်ပြီး ခံစားချက်များကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိပါသည်။ ထို့ကြောင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး၊ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကို ကျင်းပနိုင်ရေးမှာ အားလုံး၏ ရည်မှန်းချက်ပန်းတိုင် ပင်ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်သည်နှင့်အညီ အာဆီယံ၏ ပဋိညာဉ်၊ စံနှုန်းများ၊ အလေ့အထများကို အစဉ်လေးစားလိုက်နာနေသည့် နိုင်ငံတစ်ခုဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ဖော်ပြပါဝင်သည့်အတိုင်း လွတ်လပ်၊ တက်ကြွ၍ ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ဆက်လက်ကျင့်သုံးလျက်ရှိသည်ကို တွေ့ရှိရပါ သည်။ ထို့အပြင် မြန်မာနိုင်ငံသည် အပြန်အလှန် နားလည်လေးစားမှု၊ သာတူညီမျှမှုတို့အပေါ် အခြေခံ၍ အခြားနိုင်ငံများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူ ၅ ချက်အား ကိုင်စွဲထား ပါသည်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်သကဲ့သို့ အာဆီယံ၊ ဘင်းမ်စတက်၊ မဲခေါင်ဒေသဆိုင်ရာ အဖွဲ့အစည်းများတွင်လည်း အဖွဲ့ဝင်အဖြစ်ပါဝင်သည့် နိုင်ငံတစ်ခုဖြစ်ပါသည်။ ယခုကဲ့သို့ အကြမ်းဖက်အဖွဲ့ NUG နှင့် နိုင်ငံကို မတည်မငြိမ်ဖြစ်စေလိုသော အဖွဲ့များ၏ သွေးထိုးလှုံ့ဆော်မှုများရှိနေသော်လည်း မြန်မာနိုင်ငံတွင် တည်ငြိမ်အေးချမ်းမှုရရှိကာ စည်းကမ်းပြည့်ဝသောဒီမိုကရေစီ ပေါ်ထွန်းလာရေးကိုဦးတည်သည့် ကြိုးပမ်းအားထုတ်မှုများကို မလွဲမသွေ အသိအမှတ်ပြုရမည်ဖြစ်ပါသည်။ ပြည်ပနိုင်ငံများအနေဖြင့်လည်း ပြည်တွင်းကြိုးပမ်း ဆောင်ရွက်ချက်များကို အသိအမှတ်မပြုဘဲ မျက်စိစုံမှိတ်ကာ ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်းက လက်တွေ့ကျသည့် အဖြေတစ်ခုမဟုတ်ပါ။ နိုင်ငံနှင့် ပြည်သူများအတွက် ဆုတ်ယုတ်မှုများသာရှိစေ မည်ဖြစ်ကြောင်းကို အတိတ်တွင်လည်း သာဓကများရှိနှင့်ခဲ့ပြီးဖြစ်သည့်အတွက် ၎င်းကို နိုင်ငံချစ် စိတ်ရှိသည့် မြန်မာနိုင်ငံသားများအားလုံး နားလည် သဘောပေါက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်းနှင့် လာမည့်အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံအနေဖြင့်လည်း အာဆီယံ၏ မူလရည်မှန်းချက်များ မပျောက်ပျက်အောင် ဥက္ကဋ္ဌတာဝန် ထမ်းဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။ ။
ကိုးကားချက်များ-
(က) ၁၉၉၇ ခုနှစ်၊ ဇွန်လထုတ် တက္ကသိုလ် တင်ခ၏ အာဆီယံနှင့်မြန်မာ ဆောင်းပါး ပေါင်းချုပ်။
(ခ) ဗိုလ်မှူးကြီးငြိမ်းချမ်း(ငြိမ်း)ဘာသာပြန်ဆို သည့် လုံခြုံရေးအသိုက်အဝန်း တည်ဆောက် ရာတွင် ဆွေးနွေးပွဲများမှ လက်တွေ့ပူးပေါင်း ဆောင်ရွက်ခြင်း။