၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်နေ့ မြန်မာစံတော်ချိန် ၇ နာရီထုတ်ပြန်ချက်

 

 

ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ

 

ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀) နာရီ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “စီတရန်(SITRANG)”သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ဟိုင်းကြီးကျွန်းမြို့ (Hainggyikyun)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် (၃၆၀) မိုင်ခန့်၊ သံတွဲမြို့ (Thandwe) ၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၃၄၀) မိုင်ခန့်၊ စစ်တွေမြို့ (Sittwe) ၏ အနောက်တောင်ဘက် ရေမိုင် (၂၉၅) မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဆာဂါကျွန်း (Sagar Island) ၏ တောင်ဘက် ရေမိုင် (၂၄၀) မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာဆော မြို့ (Barisal) ၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၃၂၀) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

 

ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “စီတရန်(SITRANG)”၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။

 

ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “စီတရန်(SITRANG)”၏ တည်နေရာ၊ ဗဟိုချက် လေဖိအားနှင့် လေတိုက်နှုန်း

 

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “စီတရန်(SITRANG)” သည် မြန်မာ စံတော်ချိန်(၀၅:၃၀) နာရီတွင် မြောက်လတ္တီကျု (၁၇.၅) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၈.၄) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၆) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅) မိုင်မှ မိုင်(၅၀) နှုန်းခန့် ဖြစ်သည်။

 

နောက်(၃၆)နာရီအတွင်းခန့်မှန်းချက်

 

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “စီတရန်(SITRANG)”သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက်(၁၂)နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “စီတရန် (SITRANG)” အဖြစ်သို့ အားကောင်းလာနိုင်ကာ (၂၅.၁၀.၂၀၂၂) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို တင်ကိုနာကျွန်း(Tinkona Island)နှင့် ဆန်းဝစ်(ပ်)ကျွန်း(Sandwip Island)တို့အကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရသည်။

 

mdn

 

သတိပေးနှိုးဆော်ချက်

 

ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “စီတရန်(SITRANG)”၏ အရှိန်ကြောင့် ယနေ့နံနက်မှ (၂၆.၁၀.၂၀၂၂) ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်သည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၆၀)အထိ တိုက်ခတ်နိုင်သည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် (၃၅) မိုင်မှ မိုင် (၄၀) အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၁၄) ပေမှ (၁၈) ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉) ပေမှ (၁၁)ပေခန့် ရှိနိုင်သည်။

 

အကြံပြုချက်

 

သို့ဖြစ်ပါ၍ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “စီတရန်(SITRANG)”၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်သည်။

 

Credit> မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန