တံတားဦး  အောက်တိုဘာ  ၂၄

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့်  နံရံကပ်ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲတို့ကို အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်းပြီး ယနေ့ နံနက် ၁၁  နာရီက မြို့နယ်ပြည်သူ့ စာကြည့်တိုက် ( Community Centre ) ခန်းမတွင်  ကျင်းပကြောင်းသိရသည် ။

အဆိုပါပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရဲရင့် ပွဲလယ်တင့် ဆိုသည့် စကားအတိုင်း စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခြင်းဖြင့်  ထူးချွန်ထက်မြက်သော လူငယ် လူရွယ်များဖြစ်ကာ နောင်တစ်ခေတ်တွင် ခေါင်းဆောင်များဖြစ်ကြစေလိုကြောင်း ၊ ဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်ရေးအတွက် ပြပွဲ ၊ ပြိုင်ပွဲများ လစဉ်ကျင်းပပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
                   
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမှ ခင်းကျင်းပြသထားသည့် နံရံကပ်ဓါတ်ပုံပြပွဲတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ၊ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး ၊ လူမှောင်ခိုလူကုန်ကူးမှု အန္တရာယ်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများနှင့် စာအုပ်စာစောင်ပြပွဲတွင် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကိုပြသခဲ့ရာ ဆရာ/မများ ၊ ကျောင်းသား/သူများက စိတ်ဝင်တစားလေ့လာ မှတ်သားကြည့်ရှု ကြကြောင်း သိရသည် ။
                                                                                                             

ဦးရဲတင့်( ပြန်/ဆက်)