ရသေ့တောင်   အောက်တိုဘာ ၂၄

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ မေယုမြစ်ဝနှင့် ကြွီတဲမြစ်ဝရှိ ရသေ့တောင်မြို့မှ ၁၃ မိုင်ခန့်ကွာဝေးသော ဆားပြင်ကြီးကျေးရွာအုပ်စု၊ ဆားပြင်ကြီးကျေးရွာတွင် မုန်တိုင်း အရှိန်ကြောင့် ယနေ့ နံနက် ၇ နာရီခန့်မှ စတင်ကာ ထူးကဲဒီရေ ၄ ပေ ခန့် ဝင်ရောက်ကာ ကျေးရွာအတွင်း ရေဝင်ရောက်နစ်မြုပ်လျက်ရှိကြောင်း သိရှိရသည်။

လက်ရှိအချိန်ထိ လူတိရစ္ဆာန်ထိခိုက်သေဆုံးမှု၊ အဆောက်အဦများ ပျက်စီးဆုံးရှုံးမှုမရှိကြောင်းနှင့် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊ ကလေးသူငယ်နှင့် ကိုယ်ဝန်ဆောင် နို့တိုက်မိခင်များအား ရေလွတ်ရာအမြင့်ပိုင်း ကျေးရွာစာသင်ကျောင်းသို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် စေတနာ့ဝန်ထမ်းများက ရွှေ့ပြောင်းနေရာချထားပေးလျက်ရှိကြောင်းသိရသည်။

ဆားပြင်ကြီးကျေးရွာမှာ အိမ်ခြေ (၃၀၁)အိမ်၊ အထစ (၃၀၃)စု၊ လူဦးရေ ကျား (၈၄၄)ဦး၊ မ (၈၆၀)ဦး၊ ပေါင်း (၁၇၀၄)ဦးရှိကြောင်း သိရှိရပါသည်။

ထွန်းလင်းကျော် (ပြန်/ဆက်)