နေပြည်တော်၊ အောက်တိုဘာ ၂၄
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၁ ရက် မွန်းလွဲ ၃ နာရီခွဲတွင် လှိုင်မြို့နယ်၊ အမှတ် (၇) ရပ်ကွက်ရှိ နိုင်လင်းအောင် (ခ) နိုင်လင်း (ခ) သီဟ၏ နေအိမ်တိုက်ခန်းသို့ ဝင်ရောက်ရှာဖွေရာ ကတ်တမင်း ၂ ဒသမ ၉၂ ကီလို၊ အက်တက်စီဆေးပြား ၇,၀၁၀ နှင့် Happy Water အမှုန့် သုည ဒသမ ၂၈ ကီလိုကိုလည်းကောင်း၊ အလားတူ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၃ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် ကလောမြို့နယ်၊ ရေချိုကျေးရွာအုပ်စု၊ ဇောတိကျေးရွာအနီး၊ အောင်ပန်း - ပင်မှီသွား ကားလမ်းတွင် မြင့်အောင်(ခ)မောင်အောင် မောင်းနှင်ပြီး မနန်းဌေးဦး (ခ) မမူ၊ မနန်းမိုးနွယ်နှင့် မနှင်း တို့လိုက်ပါလာသည့် TOYOTA HILUX SURF အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀,၀၀၀ သိမ်းဆည်းရမိခဲ့သည်။ ဆက်လက်စစ်ဆေး ပေါ်ပေါက်ချက်အရ နံနက် ၁၀ နာရီခွဲတွင် အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ မနန်းဌေးဦး(ခ)မမူ ငှားရမ်းနေထိုင်သည့် နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ မမာတိန(ခ) တိန နှင့် မသန်းမြင့်တို့ ၂ ဦးကို တွေ့ရှိပြီး စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ကိုလည်းကောင်း၊ နံနက် ၁၁ နာရီတွင် ဇောတိကျေးရွာရှိ မမေဇူလိုင်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၆,၀၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် ယင်းနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ ငွေစေတီလမ်းတွင် အယ်ရှီး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် အားဒေ မောင်းနှင်ပြီး မမီတီး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား