နေပြည်တော်၊ အောက်တိုဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ် ၁၅ ဒသမ ၃ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) တစ်တန်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၃ နာရီတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ တာကော်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကာလိဘက်မှ မိုင်းပျဉ်းဘက်သို့ စိုင်းဖြိုးဝေသန့် (ခ) အိုက်လျန်း မောင်းနှင်ပြီး စိုင်းအိုက်မွန်း လိုက်ပါလာသည့် UD TRUCKS ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ် ၁၅ ဒသမ ၃ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁ ဒသမ ၀၉၆ တန် သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ် (မက်သ်အဖက်တမင်း) များကို ကွန်ဟိန်းမြို့နယ်မှ တာချီလိတ်မြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်