နေပြည်တော် အောက်တိုဘာ ၂၄

 

အင်တာပိုလ်၏ ဖိတ်ကြားချက်အရ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက် ဦးဆောင်၍ အဆင့်မြင့်ရဲအရာရှိကြီးများပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပသည့် အကြိမ် (၉၀) မြောက် အင်တာပိုလ် အထွေထွေညီလာခံ (90th Session of INTERPOL General Assembly) သို့ တက်ရောက်ခဲ့သည်။

 

အကြိမ် (၉၀) မြောက် အင်တာပိုလ် အထွေထွေညီလာခံကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ အမျိုးသားဗဟိုဌာန (National Centre) တွင် အောက်တိုဘာ ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပရာ အင်တာပိုလ်အဖွဲ့ဝင် ၁၉၅ နိုင်ငံအနက် နိုင်ငံ ၁၇၀ တို့မှ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်သူ့လုံခြုံရေးရာ ဝန်ကြီးဌာနတို့မှ ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ရဲအဖွဲ့အကြီးအကဲ (ရဲချုပ်) များ ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့၊ အင်တာပိုလ်အမှုဆောင် ကော်မတီဥက္ကဌ UAE ရဲချုပ် Mr. Ahrmed Nassar al-Raisi၊ အင်တာပိုလ် အထွေထွေအတွင်းရေးမှူးချုပ် Mr.Jurgen Stock နှင့် အမှုဆောင် ကော်မတီဝင်များ၊ နိုင်ငံတကာ မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြသည်။

 

အကြိမ် (၉၀) မြောက်အင်တာပိုလ်အထွေထွေညီလာခံဖွင့်ပွဲ အခမ်းအနားကို အောက်တို ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီတွင် ကျင်းပရာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Narendra Modi တက်ရောက်မိန့်ခွန်းပြောကြားသည်။ ထို့နောက် အင်တာပိုလ်အမှုဆောင်ကော်မတီဥက္ကဌ UAE ရဲချုပ် Mr. Ahrmed Nassar al-Raisi နှင့် အိန္ဒိယနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်တို့က အမှာစကားများ ပြောကြား၍ ညီလာခံကို စတင်ဖွင့်လှစ်သည်။

 

ညီလာခံပထမနေ့ အောက်တိုဘာ ၁၈ ရက်တွင် ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း အဓိက မှုခင်းများ ဖြစ်ပွားနေသည့်ပုံစံနှင့် အလားအလာများကို ကျွမ်းကျင်သူများ၏ လေ့လာသုံးသပ်ချက် (Operational Highlights and Presentation of INTERPOL’s Global Crime Trend Report 2022) ကို ရှင်းလင်းတင်ပြခြင်း၊ အဂတိလိုက်စားမှုနှင့် ငွေကြေးဆိုင်ရာမှုခင်းများ တိုးတက်ဖြစ်ပေါ်လာမှုအပေါ် ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ပိုင်ခွင့်နှင့် ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် တိုက်ဖျက်ရေးတို့နှင့် စပ်လျဉ်းသည့် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

 

ညီလာခံဒုတိယနေ့ အောက်တိုဘာ ၁၉ ရက်နှင့် တတိယနေ့ အောက်တိုဘာ ၂၀ ရက်တို့တွင် ယူကရိန်းနိုင်ငံရဲအဖွဲ့မှ တင်သွင်းသည့် အင်တာပိုလ်အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ခြင်း သို့မဟုတ် ထုတ်ပယ်ခြင်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းစဉ်ကို ဆွေးနွေးဆုံးဖြတ်ခြင်းနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ တင်သွင်းသည့် အင်တာပိုလ်လုပ်ငန်းအဖွဲ့များ၏ အုပ်ချုပ်မှုစနစ်နှင့် ပတ်သက်သည့် အဆိုပြုမူကြမ်း ၃ ခု တို့အပါအဝင် ၂၀၂၅ ခုနှစ်အထိ အကောင်အထည် ဖော်ဆောင်ရွက်မည့် အင်တာပိုလ်မှုခင်း တိုက်ဖျက်ရေးဆိုင်ရာ အဆိုပြုမူကြမ်းများ စုစုပေါင်း ၁၄ ခုတို့ကို ဆွေးနွေးခဲ့ကြပြီး မဲစနစ်ဖြင့် အတည်ပြုခြင်း ဆောင်ရွက်ခဲ့သည်။

 

ညီလာခံ စတုတ္ထနေ့ အောက်တိုဘာ ၂၁ ရက်တွင် အင်တာပိုလ်အမှုဆောင်ကော်မတီ ဒုတိယ ဥက္ကဋ္ဌတစ်နေရာနှင့် အာဖရိကဒေသ အမှုဆောင်ကော်မတီအဖွဲ့ဝင် နှစ်နေရာတို့ကို မဲစနစ်ဖြင့် ရွေးချယ်အတည်ပြုပြီး အနိုင်ရရှိသူများအား တာဝန်ပေးခန့်အပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ၂၀၂၃ ခုနှစ်တွင် (၉၁) ကြိမ်မြောက် အင်တာပိုလ်အထွေထွေညီလာခံကို ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့၌ လက်ခံကျင်းပရန် ဩစတြီးယားနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးက ကြေညာအဖွင့်အမှာစကား ပြောကြားခြင်း၊ ၂၀၂၅ ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်နိုင်ငံနှင့် ပတ်သက်၍ သဘောထားမေးမြန်း ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့သည်။

 

ထို့နောက် အကြိမ် (၉၀)မြောက် အင်တာပိုလ်အထွေထွေညီလာခံ အောင်မြင်စွာ ပြီးဆုံးခြင်းနှင့် ပိတ်ပွဲအခမ်းအနားကို ကျင်းပရာ အိန္ဒိယနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီး (UNION HOME MINISTER) H.E.Shri Amit Shah နှင့် အင်တာပိုလ် အမှုဆောင်ကော်မတီဥက္ကဋ္ဌ Mr. Ahrmed Nassar al-Raisi၊ အင်တာပိုလ်အထွေထွေ အတွင်းရေးမှူးချုပ် Mr.Jurgen Stock တို့က အမှာစကားများ ပြောကြားခဲ့ကြသည်။

 

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်သည် အင်တာပိုလ်ညီလာခံ တက်ရောက်စဉ်အတွင်း အစည်းအဝေးပထမနေ့တွင် မလေးရှားနိုင်ငံ၊ CID ညွှန်ကြားရေးမှူးချုပ်၊ ရဲဗိုလ်ချုပ် Kamarudin BINMP DIW နှင့် လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံရဲအဖွဲ့၊ အင်တာပိုလ်အတွင်းရေးမှူး ရဲမှူးချုပ် Amur Chandra Juli Buana နှင့်လည်းကောင်း သီးခြားတွေ့ဆုံ၍ နယ်စပ်ဒေသမှ တရားမဝင်ခိုးဝင်နေသည့် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံသားများ ဖော်ထုတ်ဖမ်းဆီးနိုင်ရေး၊ ၎င်းတို့နိုင်ငံတွင် ရောက်ရှိနေသည့် ပြစ်မှုကျူးလွန်နေသူ မြန်မာနိုင်ငံသားများ ဖမ်းဆီးလွှဲပြောင်းပေးရေးတို့ကို နှစ်နိုင်ငံတည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးရေး၊ ရဲတပ်ဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ဆွေးနွေးသည်။

 

အစည်းအဝေး ဒုတိယနေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ရဲချုပ်သည် ရုရှားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Chief Prosecutor (ရှေ့နေချုပ်) Mr. MOTORENKS MKAALL ဦးဆောင်သောအဖွဲ့ နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံရဲတပ်ဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စွမ်းရည်မြှင့်တင်ရေးတို့နှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေး၍ အမှတ်တရ လက်ဆောင်များ အပြန်အလှန်ပေးအပ်သည်။

 

အစည်းအဝေး တတိယနေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲချုပ် Mr. Chowdhury Abudullah Al MAMUN ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ နယ်စပ်ဒေသ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကဏ္ဍ၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးကဏ္ဍတို့တွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍လည်းကောင်း၊ တရုတ် နိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်နှင့် အင်တာပိုလ်အမှုဆောင် ကော်မတီဝင် Mr. Binchen HU ဦးဆောင်သော အဖွဲ့နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံနယ်စပ်ဒေသတွင် Online လောင်းကစားမှုများ တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ လန်ချန်း-မဲခေါင် မြစ်ကြောင်းလုံခြုံရေးတွင် LMLECC နှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ ဆွေးနွေးခဲ့ကြပြီး အမှတ်တရ လက်ဆောင်များ အပြန်အလှန်ပေးအပ်သည်။

 

အစည်းအဝေးစတုတ္ထနေ့တွင် အင်တာပိုလ်အထွေထွေအတွင်းရေးမှူးချုပ် Mr. Jurgen Stock၊ အင်တာပိုလ်မှုခင်း တိုက်ဖျက်ရေးတာဝန်ခံနှင့် အမှုဆောင်ကော်မတီဝင် Mr. Stephen Kavanagh တို့နှင့်တွေ့ဆုံကာ မြန်မာနိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် အင်တာပိုလ် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်ပနိုင်ငံများတွင် ခိုအောင်းနေသော မြန်မာနိုင်ငံသား အကြမ်းဖက်သမားများအား တည်ဆဲဥပဒေများနှင့်အညီ တားဆီးနှိမ်နင်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဆွေးနွေးသည်။

 

ဆက်လက်၍ ထိုင်းနိုင်ငံတော်ဝင်ရဲအဖွဲ့ ရဲချုပ် H.E Police General Damrongsak Kittiprapas နှင့် အင်တာပိုလ်ညီလာခံတွင် အလွတ်သဘော တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး အောက်တိုဘာ ၂၂ ရက်တွင် ဘန်ကောက်မြို့၊ လေဆိပ်အနီး Novotal Hotel အစည်းအဝေးခန်းမ၌ ထိုင်းတော်ဝင်ရဲအဖွဲ့ ရဲဗိုလ်ချုပ် Khemmarin Hassiri ခေါင်းဆောင်သောအဖွဲ့နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံနယ်စပ်တွင် တတိယနိုင်ငံသားများ တရားမဝင် ဝင်ရောက်နေမှု၊ မြန်မာနိုင်ငံသား အကြမ်းဖက်သမားများ ထိုင်းနိုင်ငံနယ်စပ်တွင် ခိုအောင်းနေမှုများသည် နယ်စပ်ဒေသလုံခြုံရေးကို ဆိုးဝါးစွာ ထိခိုက်စေသည်ဖြစ်၍ ရဲတပ်ဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုဖြင့် ထိရောက်စွာ ဖော်ထုတ်တားဆီး အရေးယူနိုင်ရေး၊ မူးယစ်ဆေးဝါးသယ်ဆောင်မှု တိုက်ဖျက်ရေးတို့နှင့် စပ်လျဉ်း၍ နှစ်နိုင်ငံရဲတပ်ဖွဲ့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးသည်။

 

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ညပိုင်းတွင် မြန်မာ့လေကြောင်းခရီးစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်