၂၀၂၂ခုနှစ်၊ အောက်တိုဘာ၂၅ ရက် မြန်မာစံတော်ချိန် ၁:၃၀ နာရီ ထုတ်ပြန်ချက်

 

ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ

 

ယနေ့မြန်မာစံတော်ချိန်(၀၀:၃၀)နာရီ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “စီတရန်(SITRANG)” သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို တင်ကိုနာကျွန်း (Tinkona Island) နှင့် ဆန်းဝစ်(ပ်)ကျွန်း (Sandwip Island) တို့အကြားမှ စတင်ဖြတ်ကျော်လျက် ရှိသည်။

 

နောက်(၁၈)နာရီအတွင်းခန့်မှန်းချက်

 

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “စီတရန်(SITRANG)”သည် နောက် (၁၂) နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ်သို့လည်းကောင်း၊ နောက် (၁၈) နာရီအတွင်း ကုန်းတွင်းမုန်တိုင်းငယ် (Land Depression) အဖြစ်သို့လည်းကောင်း အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရသည်။

 

သတိပေးနှိုးဆော်ချက်

 

ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “စီတရန်(SITRANG)” ၏ အရှိန်ကြောင့် ယနေ့နံနက်မှ (၂၆.၁၀.၂၀၂၂) ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်သည်။

 

ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၆၀) မှ (၆၅) မိုင်အထိ တိုက်ခတ်နိုင်သည်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် (၃၅) မိုင်မှ မိုင်(၄၀) အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၄) ပေမှ (၁၈) ပေခန့်နှင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉) ပေမှ (၁၁) ပေခန့် ရှိနိုင်သည်။

 

မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းဒေသသည် မုန်တိုင်းရေွ့လျားနေသည့် လမ်းကြောင်း၏ လက်ယာဘက်တွင် ရှိနေပါသဖြင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅) မိုင်မှ (၄၅) မိုင်အထိ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၂၀)မှ (၂၅) မိုင်အထိလည်းကောင်း တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရသည်။

 

mdn

 

အကြံပြုချက်

 

သို့ဖြစ်ပါ၍ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “စီတရန်(SITRANG)”၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အကြံပြုထားသည်။

 

Credit> မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန