ဒါကာ အောက်တိုဘာ ၂၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒေသအများအပြားတွင် ဆိုင်ကလုန်းမုန်တိုင်း စီတရန် (Sitrang) ဝင်ရောက်မှုကြောင့် လေပြင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပွားလျက်ရှိကြောင်းနှင့် အဆိုပါ စီတရန်မုန်တိုင်းမှာ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းတစ်လျှောက် ဦးတည်ရွေ့လျားနေကြောင်း သိရသည်။
ဆိုင်ကလုန်းမုန်တိုင်းသည် လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ခူလ်နာဒေသရှိ မွန်းလားဆိပ်ကမ်း၏ အနောက်တောင်ဘက် ၅၂၅ ကီလိုမီတာတွင် တည်ရှိနေကြောင်းနှင့် အရှေ့တောင်ပိုင်းရှိ ချက်တိုဂမ်ဆိပ်ကမ်း၏ အနောက်တောင်ဘက် ၅၉၀ ကီလိုမီတာတွင် တည်ရှိနေကြောင်း အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာန၏ အထူးထုတ်ပြန်ချက်အရ သိရသည်။
ချက်တိုဂမ်နှင့် ကော့ဘဇားတို့အတွက် အန္တရာယ်အချက်ပြ နံပါတ် ၆ ကို လွှင့်တင်ရန် နှင့် မွန်းလားဆိပ်ကမ်းနှင့် ပေယာဆိပ်ကမ်းတို့အတွက် အချက်ပြနံပါတ် ၇ ကို လွှင့်တင်ရန် မိုးလေဝသခန့်မှန်းသူများက တောင်းဆိုထားကြောင်း အကြီးတန်း မိုးလေဝသပညာရှင် ဟာဖီဇူရာမန်းက ပြောသည်။ ထို့အပြင် ဆတ်ခီရာ၊ ခူလ်နာ၊ ဘာဂါဟတ်၊ ပီရောပူလ်၊ ဘာဂူနာ၊ ချန်ပူလ်၊ ဖီနီစသည့် ခရိုင်များ၏ ကမ်းရိုးတန်းဒေသများသည် အန္တရာယ်အချက်ပြ နံပါတ် ၇ အောက်တွင် ရောက်ရှိနေကြောင်း သိရသည်။
အဆိုပါ ခရိုင်များ၏ ကမ်းရိုးတန်းဒေသ အချို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ လေတိုက်နှုန်း တစ်နာရီ ၆၀ ကီလီုမီတာအထိ တိုက်ခတ်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်မိုးလေ ဝသဌာနကပြောသည်။ ထို့ကြောင့် ငါးဖမ်း လှေများ၊ ငါးဖမ်းသင်္ဘောများနှင့် ရေကြောင်း သွားလာရေးယာဉ်များကို နောက်ထပ်အသိ ပေးချက် မထုတ်ပြန်မီအထိ အမိုးအကာ အောက်တွင်သာနေရန် အကြံပြုထားသည်။
ဆင်ဟွာ