အောက်တိုဘာ ၂၅
အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း အိစ်နူဆာတန်ဂါရာပြည်နယ် ကမ်းလွန်ရေပိုင်နက်တွင် ယမန်နေ့က ခရီးသည်တင်သင်္ဘောတစ်စင်း မီးလောင်မှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၁၃ ဦး၏ရုပ်အလောင်းများကိုရှာဖွေတွေ့ရှိခဲ့ပြီး ၂၆၃ ဦးကိုကယ်ဆယ်နိုင်ခဲ့ကြောင်း ထိုပြည်နယ်ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအဖွဲ့အကြီးအကဲ ဆာဒါရာမန်ဂျာယာက ပြောကြားသည်။
အဆိုပါမီးလောင်ကျွမ်းမှုကြောင့် ၁၃ ဦးသေဆုံးခဲ့ပြီး ကယ်ဆယ်ရရှိသူများအနက် အချို့သောသူများမှာ ဒဏ်ရာများရရှိခဲ့သည်ဟု ၎င်းကဆိုသည်။
ကယ်ဆယ်ရေးနှင့်ရှာဖွေရေးလုပ်ငန်းကို ခေတ္တရပ်နားထားပြီးနောက် အောက်တိုဘာ ၂၅ ရက်တွင် ရှာဖွေကယ်ဆယ်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုအကြီးအကဲဖြစ်သူက သတင်းထောက်များထံ ဖုန်းဖြင့်ဆက်သွယ် ပြောကြားသည်။
လှိုင်းကြီးမှုကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရာတွင် နှောင့်နှေးမှုများရှိသည်ဟု ၎င်းကဆိုသည်။
ထိုခရီးသည်တင်သင်္ဘောသည် ကူပန်မြို့ဆိပ်ကမ်းမှ ထိုပြည်နယ်ရှိအေလာခရိုင်သို့ ဦးတည်ခုတ်မောင်းနေစဉ် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို