မောင်တော အောက်တိုဘာ ၂၅
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထူးကဲဒီရေမြင့်တက်ပြီး ရွှေဇားကပ္ပကောင်း ကျေးရွာအုပ်စု၊ ဟိန္ဒူရွာသစ်တွင် ယမန်နေ့ ည ၁၀ နာရီခွဲခန့်က နေအိမ်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွားခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းပြီး မုန်တိုင်းအရှိန်ကြောင့် ရွှေဇားကပ္ပကောင်းကျေးရွာအုပ်စု ဟိန္ဒူရွာသစ်တွင် ထူးကဲဒီရေ ၂ ပေခန့် မြင့်တက်လာသဖြင့် ပြည်သူများအား ရေလွတ်ရာ အမြင့်ပိုင်း အောင်ဗလ၊ အမကကျောင်းသို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် စေတနာ့ဝန်ထမ်းများက ရွှေ့ပြောင်းပေးခဲ့ကြောင်း၊ ဟိန္ဒူရွာသစ်တွင် အိမ်ခြေ ၁၄၈ အိမ်၊ အိမ်ထောင်စု ၁၄၈ စု စုစုပေါင်းလူဦးရေ ၇၈၃ ဦးရှိပြီး အလားတူ မြေနိမ့်ပိုင်းရှိ ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ်ရပ်ကွက်အချို့ရှိ နေအိမ်များတွင်လည်း ဒီရေအနည်းငယ် ဝင်ရောက်မှုများရှိခဲ့ကြောင်း သိရသည်။
အောင်ကျော်စိန်၊ သက်လွင်စိုး (ခရိုင်ပြန်/ဆက်)